Aug 9, 2010

ဆရာမ သို့ အိတ်ဖွင့်ပေးစာ(၃)

နောက်တစ်နေ့မနက်ကျောင်းတက်တော့ သောကြာနေ့လေ ။ ဆရာမ နဲ့ ညှိနှိုင်းပြီး အတန်းတွေ ခွဲယူခဲ့ပါတယ် ။
တစ်နေကုန် မနားရပါဘူး ဆရာမ ရယ် ။ လူက နည်းပေမယ့် အတန်းက ၃ ခု ဆိုတော့ အတန်းတစ်တန်းကို သင် ။ လေ့ကျင့်ခန်းပေး ။ နောက်တစ်တန်းကို ဆက်သင်နဲ့ ။ နေ့လည်ကျောင်းဆင်း ထမင်းစားပြန်မှ ထိုင်ရပါတယ် ဆရာမရယ် ။
ညနေ ကျောင်းဆင်းတော့ ကလေးတွေ နဲ့ အတော်အသင့်ရင်းနှီးသွားပြီဆိုတော့ ကျောင်းဆင်းတာနဲ့ ရေချိုးရအောင် အားလုံးကို ခေါ်လိုက်ပါတယ် ။ တစ်ယောက်ပြီး တစ်ယောက် ချေး(ဂျီး)တွန်း ၊ ဆပ်ပြာတိုက် လုပ်ပေးရတာ ။ ၅ နာရီလောက်မှ အားလုံးပြီးပါတယ် ။ တစ်ချို့ကလေးတွေက ဆပ်ပြာတိုက်ရမှာကို ကြောက်နေကြသေးပါတယ် ။ အားလုံးပြီးတော့မှ ကျွန်တော် ရေချိုးပါတယ် ။ အဲဒီအချိန် ကျွန်တော် အရမ်းပျော်နေပါတယ် ဆရာမ ။

စနေနေ့ ကျောင်းပိတ်တော့ ကျွန်တော် အိမ်ကိုခဏပြန်ပါတယ် ။ ဘာမှ အဆင်သင့်ပါမလာဘူးလေ ။ ဒါကြောင့် လိုအပ်တာလေးတွေ ပြန်ယူဖို့ပေါ့ ။ ကျွန်တော့်တို့ဆီ ပြန်ရောက်တော့ ကျွန်တော့် အတွေ့အကြုံလေးကို သူငယ်ချင်း မိတ်ဆွေတွေကို ပြောပြပါတယ် ။
ပြောပြပြီး သူတို့ကို တတ်နိုင်သလောက် လှူကြပါဆိုတော့ စာအုပ် ၊ ခဲတံ ၊ ခဲဖျက် ၊ ပေတံ စတဲ့ စာရေးကိရိယာ အချို့ ရပါတယ် ။ အိမ်ကလည်း ကျောက်သင်ပုန်း ၊ အ၀တ်အစားအချို့ကို ပြန်ရင် ယူသွားဖို့ ပြင်ဆင်ပေးထားပါတယ် ။

အဲဒီကျောင်းမှာ နေသမျှတစ်နှစ်တာပတ်လုံး ကျွန်တော် ကလေးတွေကို ရေချိုးချိန် ၊ အိမ်အလုပ်လုပ်ဖို့အချိန် ၊ ကစားချိန် ၊ စာကြည့်ချိန် ၊ ဘယ်နေ့ဘယ်ရက် ဗွီဒီယိုကြည့်လို့ရတယ် စသဖြင့် အချိန်လေးတွေ သတ်မှတ်ပေးပြီး သူတို့လေးတွေကို လမ်းပြပေးခဲ့ပါတယ် ဆရာမ ။ အိပ်တဲ့အချိန်ပဲ သူတို့မိဘတွေနဲ့အတူနေပါတယ် ။
နောက်ပြီး အပြောအဆို အနေအထိုင် က အစ အကုန်သင်ပေးရပါတယ် ဆရာမ ။
ကျွန်တော်လည်း သူတို့အတွက် အချိန်ပြည့်ပေးထားပါတယ် ။ သူတို့အိပ်ဖို့အိမ်ပြန်မှ ကျွန်တော် စာဖတ်ဖြစ်ပါတယ် ဆရာမ ။ တစ်ချို့ကျောင်းသားလေးတွေက ကျွန်တော်နဲ့အတူအိပ်ပါတယ် ။ ညဘက်ကျတော့လည်း ကောင်းကောင်းမအိပ်ခဲ့ရပါဘူးဆရာမရယ် ။ သူတို့ကို စောင်ထခြုံပေး ၊ ခြင်ထောင်အပြင်ရောက်နေရင် ပြန်ထည့် လုပ်ပေးနေရပါတယ် ။ ဒါကိုပဲ ကျွန်တော် ကျေနပ်နေမိပါတယ် ဆရာမ ။

ကျောင်းလေးကိုလည်း တတ်နိုင်သမျှပြင်ဆင်ပါတယ် ။ အားလုံးကို စည်းရုံးနိုင်ခဲ့လို့ ပျဉ်ထောင်ပြီးကာနိုင်ခဲ့ပါတယ် ။ ကျောင်းဆိုင်းဘုတ်လေးလဲ ကောင်းမွန်အောင်လုပ်ပေးနိုင်ခဲ့ပါတယ် ။ ကျောင်းမှာ အိမ်သာလည်း ဆောက်နိုင်ခဲ့ပါတယ် ။
ရွာလူကြီးအိမ်မှာလည်း သူတို့အိမ်ရဲ့ အိမ်မှုကိစ္စတွေ ၀ိုင်းကူလုပ်ပေးရင်း မိသားစုလို နေထိုင်ခဲ့ပါတယ် ဆရာမ ။

ဒီလိုနဲ့ ၂၀၀၁ ခုနှစ် အောက်တိုဘာလမှာ ပြောင်းမိန့်ကျပါတယ် ။
အမိန့်စာရောက်နေတာ ကျွန်တော်မသိပါဘူး ။
ရွာကို စစ်ကြောင်းရောက်လာတဲ့နေ့ စစ်ကြောင်းမှူးက ဆရာ ပြောင်းရွေ့မိန့်ကျထားပြီလို့ ပြောတော့မှ သိရပါတယ် ။
အဲဒီအခါမှ ရွာလူကြီးက သူ့ဆီကို ရောက်နေတာ ၁ ပတ်လောက်ရှိပြီလို့ပြောပါတယ် ။
အဲဒီကျမှ သိတာပါ ။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားမိပါတယ် ဆရာမ ရယ် ။

သူဘာဖြစ်လို့ အဲဒီလိုလုပ်တာလည်းဆိုတာကို ကျွန်တော် ချက်ချင်းသဘောပေါက်လိုက်တယ်လေ ။
ကျွန်တော်ပြောင်းသွားမှာကို သူတို့စိုးရိမ်နေကြတယ် ဆရာမ ။
ကျွန်တော့်ကို သံယောဇဉ် ဖြစ်နေကြတယ်လေ ။
နောက်ပြီး နှမြောနေကြတယ် ။
ကျွန်တော်ကလည်း အဲဒီမှာ နေသမျှအချိန်လေးမှာ သူတို့ဆီက ဘာအခွင့်အရေးမှ မယူခဲ့ပါဘူး ။
ကျွန်တော့်ဘက်ကပဲ တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ပါတာကိုး ။

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ ၊
ဒီနေ့လေးက ကျွန်တော့်ဘ၀ အတွက် အလွန်ဝမ်းနည်းခဲ့တဲ့နေ့ ။ ပီတိတွေ ဝေဖြာခဲ့ဆုံးနေ့လေးပါ ဆရာမ ။
ကျွန်တော် ပြန်တော့မယ်ဆိုတော့ မနက် မိုးလင်းကတည်းက ရွာလူကြီး အိမ်ဝိုင်းထဲမှာ တစ်ရွာလုံးက လူကြီးလူငယ် ၊ အပျိုလူပျို ၊ ယောင်္ကျားမိန်းမ အားလုံး ရောက်နေကြလေရဲ့ ။ အိမ်ဝိုင်းတစ်ခုလုံး အပြည့်ပါပဲ ။( ခုရေးနေရင်း ကျွန်တော် မျက်ရည်ကျနေပါတယ် ဆရာမ ။ ဒါ ကျွန်တော့်ဘ၀ အတွက် ၅ ကြိမ်မြောက် မျက်ရည်ကျခြင်းပါ ။ )
ကျွန်တော်က အစည်းအဝေးရှိလို့ လာကြတယ်မှတ်လို့ ။
အဲဒီအချိန် ကျွန်တော်က ထမင်းကြမ်းစားပြီးတော့ ရွာလူကြီးနဲ့ စကားပြောရင်း ရေနွေးကြမ်းထိုင်သောက်နေပါတယ် ။
ခဏနေတော့ လူငယ်တွေရော ကလေးတွေပါ အိမ်ပေါ်တက်လာကြပါတယ် ။
အိမ်အောက်မှာတော့ လူကြီးတွေက စောင့်နေကြပါတယ် ။
လက်ထဲမှာလည်း လက်ဆောင်ပစ္စည်းလေးတွေ ကိုယ်စီ ကိုင်လာကြပါတယ် ။ အချို့ ပိုက်ဆံတွေလည်းပါပါတယ် ။ ကျွန်တော့်ရှေ့မှာ အားလုံးလာစုပုံထားကြပြီး ကျွန်တော့်ကို ကန်တော့ချင်လို့လို့ပြောပါတယ် ။
ပြောနေရင်းနဲ့ အားလုံး ငိုကြပါတယ် ဆရာမ ။
အချို့ကလေးတွေက ဆရာ ဘယ်တော့ပြန်လာမှာလဲ လို့မေးတဲ့လူကမေး ၊ ကျန်းမာရေးဂရုစိုက်ပါလို့ ပြောတဲ့လူကပြော ၊ အမျိုးမျိုးအစုံ ငိုရင်းနဲ့ ပြောနေကြပါတယ် ဆရာမ ။
မျက်ရည်ခိုင်လှပါပြီ ဆိုတဲ့ ဆရာမ တပည့် မျက်ရည်မဆည်နိုင်ခဲ့ပါဘူး ဆရာမရယ် ။
ဝမ်းနည်းတာရော ၊ ပီတိဖြစ်တာရော ရောပြီး လှိုက်လှိုက်လှဲလှဲကို ငိုမိပါတယ် ။
မျက်ရည်တွေ ကြားထဲက ကျွန်တော်ကြည့်မိတော့ လူကြီးလူငယ်အားလုံး မျက်ရည်ကိုယ်စီနဲ့ပါ ။
ကျွန်တော်လည်း မျက်ရည်တွေနဲ့ သူတို့ကို ဆုတွေပေးနေမိပါတယ် ။
ရွာလူကြီးအပါအ၀င် လူကြီးတွေကိုလည်း ကျွန်တော် ပြန် ကန်တော့ပါတယ် ။
သူတို့လည်း မျက်ရည်တွေနဲ့ ဆုတွေပေးနေပါတယ် ဆရာမ ။

ဘုန်းတော်ကြီးကျောင်းက ၈ နာရီ ထိုးတော့ ပြန်ဖို့ အချိန်ရောက်ပြီ ဆိုတာသိလိုက်တယ်လေ ။
ဒါနဲ့ အားလုံးသိမ်းဆည်းပြီး ပြန်ဆင်းလာတော့ သူတို့က မပြန်ကြသေးဘူး ဆရာမ ။
နှုတ်ဆက်ဖို့စောင့်နေကြလေရဲ့ ။
အားလုံးရဲ့ မျက်နှာမှာ မျက်ရည်တွေက ရှိနေကြတုန်းဆရာမ ။
အားလုံးက ရွာထိပ်အထိလိုက်ပို့ကြတယ် ။
ချောင်းတစ်ဖက်ကမ်းကို ကူးတဲ့အချိန်မှာ လူကြီးတွေက မျက်ရည်ကြားထဲက လက်ပြနှုတ်ဆက်နေကြတယ်လေ ။ ကလေးတွေကတော့ ကားဂိတ်အထိလိုက်ပို့ချင်ပါတယ် ဆိုလို့ တားလို့မရတာနဲ့ ခေါ်သွားရပါတယ် ။
လမ်းတစ်လျှောက်လုံး စကားတွေပြောကြ အပြန်အလှန် မှာတမ်းတွေပြောရင်း ငိုရင်း လာလိုက်ကြတာ ကားဂိတ်ကိုရောက်တော့ ၁၁ နာရီပါ ။ အားလုံးကို ကျွန်တော် အအေးဝယ်တိုက်လိုက်ပါတယ် ။
အချို့ကလေးတွေက ငိုနေကြတုန်း ။ ကျွန်တော်က လူကြီးဆိုတော့ မျက်ရည်မကျအောင် ထိန်းနိုင်ခဲ့ပါတယ် ။
ဒါပေမယ့် ကားလည်းထွက်ရော အားလုံး ၀ိုင်းငိုကျတော့ ကျွန်တော်လည်း မထိန်းထားနိုင်တော့ဘူးလေ ။
ကားပေါ်က အမျိုးသမီးအချို့ကတောင် ကျွန်တော်တို့ကို ကြည့်ပြီး မျက်ရည်ကျနေကြပါတယ် ဆရာမ ရယ် ။
( ဆက်ရန် )

Aug 8, 2010

မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှု

ယနေ့ ခေတ် မြန်မာအမျိုးသမီးလေးတွေ မြန်မာ့ရိုးရာ ၀တ်စားဆင်ယင်မှုကို ခုံမင်နှစ်သက်မှုတွေ လျော့နည်းလာကြသလိုပဲ ။ ဘာဖြစ်လို့လဲ မသိနော် ။
အချို့ကတော့ ခေတ်နဲ့အညီ ၀တ်ကြရတာတဲ့ ။
အဲဒီ ခေတ် ဆိုတာကို လူတွေကပဲ ဖန်တီးနေကြတာ မဟုတ်ဘူးလား ။
ဒါက ခိုင်လုံတဲ့ အကြောင်းပြချက်လား ဟင် ။

“ခေတ်မီတယ်” ဆိုတာ ဘာလဲဟင် ။
တိုင်းတစ်ပါးသားတွေ ၀တ်စားဆင်ယင်သလိုလိုက်ဝတ်ကြရတာကို ခေတ်မီတယ် လို့ခေါ်တာလား ။
ခေတ်မီဖို့အတွက် ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုတွေကို မျက်ကွယ်ပြုဖို့လိုလို့လား ။
ဝတ်စားဆင်ယင်ပုံကို ပြောင်းလိုက်တာနဲ့ ခေတ်မှီသွားကြပြီလား ။
တကယ်တော့ မြန်မာ့အလှ ၊ မြန်မာ့ယဉ်ကျေးမှုဟာ သိမ်မွေ့လှပါတယ် ။
နူးညံ့လွန်းလှပါတယ် ။
အေးချမ်းလွန်းလှပါတယ် ။
ကျက်သရေ အလွန်ရှိလှပါတယ် ။
နောင်တစ်ချိန် တိုင်းတစ်ပါး ယဉ်ကျေးမှုတွေ ဖုံးလွှမ်းသွားမှဖြင့် ...........
ဘယ်လိုတွေ ကာကွယ်ကြမလဲ ဟင် ။
ဘယ်လိုလူတွေက ကာကွယ်ပေးနိုင်ကြလဲ ဟင် ။
လူငယ်လူရွယ်တွေ ကိုယ့်ယဉ်ကျေးမှုကို ကိုယ့်ရိုးရာ ၀တ်စားဆင်ယင်မှုကို အမြတ်တနိုးတန်ဖိုးထားတတ်လာအောင် ဘယ်သူတွေက စံပြလုပ်ပေးနိုင်လဲ ဟင် ။

Aug 2, 2010

Hanabi ( fireworks) မီးပန်းလွှတ်ပွဲ




That is the one of Japanese Traditional entertainment.


Thousands of people came to watch Hanabi a long the river.

Aug 1, 2010

ဆရာမ သို့ အိတ်ဖွင့်ပေးစာ ( ၂ )

ကျောင်းပေါ်ရောက်တော့ စာသင်နေတဲ့ ဆရာမ ကို တွေ့ရပါတယ် ။
ဆရာကြီးက နေမကောင်းလို့ မလာနိုင်ဘူးတဲ့ ။
သူက အထွေထွေလုပ်သားပါတဲ့ ။ ဒါပေမယ့် ကျွန်တော်တို့ တောမှာတော့ ထွေ/လုပ်ကလဲ စာသင်ရတော့ သူလဲ ဆရာမပါပဲ ။
ကျွန်တော်က ဒီကျောင်းကို တာဝန်ကျလို့ လာတာပါလို့ ပြောပြီး အလုပ်ခန့်စာ ပြလိုက်ပါတယ် ။
ကလေးတစ်ယောက်က ကျေးရွာလူကြီးကို သွားခေါ်ပါတယ် ။

ကျောင်းရဲ့ပုံစံလေးကို ပြောပြပါဦးမယ် ဆရာမ ။
ကျောင်းက ပေ ၃၀ x ပေ ၂၀ ကျောင်းလေးပါ ။ ဘေးက အကာတွေရှိပေမယ့် မလုံဘူးလေ ။ ၀ါးထရံလေးတွေ ကာထားတာ ။ ရွာအနောက်ဘက်ထိပ်က တောင်ကုန်းပေါ်မှာ ဆောက်ထားတာပါ ။ ကျောင်းပေါ်ကနေကြည့်ရင် ရွာက သစ်ပင်တွေနဲ့ အိမ်တွေအားလုံးကို အပေါ်စီးက မြင်ရပါတယ် ။ လေကလဲ အရမ်းတိုက်ပါတယ် ။ ရိုးမထဲကလေဆိုတော့ အေးစိမ့်နေတာပါပဲ ဆရာမရယ် ။

အချို့ကလေး တွေက အောက်ပိုင်းအ၀တ်မပါဘူး ။ အားလုံးညစ်ညစ်ပတ်ပတ် မည်းမည်းတူးတူးလေးတွေ ။
ဆရာမ က စာဆက်သင်နေပါတယ် ။ အဲဒီ အချိန်မှာပဲ ကလေးတစ်ယောက်က နောက်ဘက် ထရံပေါက်မှာ ကပ်နေပါတယ် ။ ခုန်ဆင်းဖို့ဟန်ပြင်နေတာပါ ။ ကျွန်တော်က ကျောင်းပေါ်ရောက်ကတည်းက အဲဒီကလေးကို သတိထားနေမိပါတယ် ။ ဘာဖြစ်လို့လဲတော့ မသိဘူးပေါ့နော် ။ ခဏနေတော့ သူက ခုန်ဆင်းပြီး ပြေးပါတော့တယ် ။ ကျွန်တော်ကလည်း သူ့အရိပ်အခြေ ကြည့်နေတာဆိုတော့ သူ ခုန်ဆင်းတာနဲ့ ကျွန်တော်လည်း ကျောင်းရှေ့ကနေခုန်ဆင်းပြီး လိုက်ဆွဲပါတယ် ။ ဒါပေမယ့် တောင်ဆင်းကြီး ဆိုတော့ လိမ့်ကျမှာ စိုးရိမ်တာနဲ့ ဆက်မလိုက်တော့ပါဘူး ။ ဆရာမ ကို မေးလိုက်တော့ အဲဒီလိုပဲတဲ့ ကျောင်းမတက်ချင်လို့တဲ့ ။ ကျောင်းလာတုန်းကတော့ သူ့အမေက လိုက်ပို့လို့လာရတာတဲ့ ။ ကျောင်းတက်ချိန်ဆိုရင် မိဘတွေက အိမ်မှာ မရှိကြတော့ဘူးလေ ။ အလုပ်သွားလုပ်နေကြပါပြီ ။ ဒါကို သူတို့က သိထားတာကိုး ။

ဒါနဲ့ ခဏနေတော့ ရွာလူကြီးရောက်လာပါတယ် ။ သူ့အိမ်ကို ခေါ်သွားပြီး ထမင်းကျွေးပါတယ် ။ ဒီမှာနေရမှာလို့ပြောပါတယ် ။ ခေါင်းရင်းဘက်က အိမ်တစ်လုံး အပိုရှိတော့ အဲဒီအိမ်ပေါ်မှာ နေရာပေးပါတယ် ။ မနက်အစောကြီးကတည်းက လာရတာဆိုတော့ ပင်ပန်းမှာပေါ့ ဆိုပြီး နားနားနေနေ နေပါလို့ ရွာလူကြီးက ပြောပါတယ် ။ တကယ်လည်း ပင်ပန်းလာတော့ နေ့လည်ဘက် ကျောင်းကို ပြန်မသွားတော့ဘဲ နားနေလိုက်ပါတယ်။ ၃ နာရီလောက်မှာ ရေချိုးဖို့ ပြောပါတယ် ။ အဲဒီအချိန်ထက်နောက်ကျရင် ရေမချိုးနိုင်တော့ဘူးလို့လည်းပြောပါတယ် ။ ဒါနဲ့ ရေချိုးဖို့ ချောင်းထဲခေါ်သွားပါတယ် ။ ရေကတော်တော်လေး ကြည်နေပါတယ် ။ အမြဲတမ်းလည်းစီးနေပါတယ် ။ တော်တော်လည်းအေးပါတယ် ။

အဲဒီအချိန်မှာ ကလေးတွေလည်း ချောင်းထဲကို ပြေးလာကြပါတယ် ။ ပြီးတော့ ရေကူး ၊ ဆော့ကစားနေကြပါတယ် ။ ကျွန်တော်လည်း ရေမြန်မြန်ချိုးပြီး သူတို့ကို ထိုင်ကြည့်နေပါတယ် ။ တော်တော်နဲ့ မတက်ကြပါဘူး ။ ဒါနဲ့ ကျွန်တော်လည်းမနေနိုင်တော့လို့ မင်းတို့ မတက်ကြသေးဘူးလားလို့ မေးတော့မှ အားလုံးတက်ပြီး ပြန်သွားကြပါတယ် ။

ညနေ ထမင်းစောစောကျွေးတာနဲ့ စားပြီး ရွာထဲကို လမ်းလျှောက်ဖြစ်ပါတယ် ဆရာမ ။ ကျွန်တော် သတိထားမိတာက အိမ်သာပါ ။ တစ်ရွာလုံးမှာမှ ၄ အိမ်မှာပဲ အိမ်သာရှိပါတယ် ။ ညဘက်ရောက်တော့ ရွာလူကြီးအိမ်က မီးစက်မောင်းပါတယ် ။ ဗွီဒီယိုပြတာပါ ။ ဘက်ထရီအိုးလည်း အားသွင်းပါတယ် ။ ဗွီဒီယိုပြတော့ တစ်ရွာလုံးနီးပါးလာကြပါတယ် ။ ကလေးရောလူကြီးပါမကျန်ပါဘူး ။ သူတို့ဗွီဒီယိုစပြတာနဲ့ ကျွန်တော်တို့လည်း ခေါင်းရင်းဘက်အိမ်ကိုသွားပြီး အိပ်ဖို့ပြင်ဆင်ကြပါတယ် ။ အိပ်ယာထဲရောက်တော့ ဒီနေ့ ကြုံတွေ့ခဲ့ရတာတွေကို ပြန်တွေးရင်း ကလေးတွေကို ဘယ်လို ဘယ်လို သင်ကြားဆုံးမ ရမလဲဆိုတာကို တွေးနေမိပါတော့တယ် ဆရာမ ရယ် ။
( ဆက်ရန် )