Showing posts with label ဖတ်ကြည့်ပေးပါ ၊ ဖြည့်စွတ်ပေးပါ ၊ ပြင်ဆင်ပေးပါ. Show all posts
Showing posts with label ဖတ်ကြည့်ပေးပါ ၊ ဖြည့်စွတ်ပေးပါ ၊ ပြင်ဆင်ပေးပါ. Show all posts

Feb 12, 2011

ပြည်ထောင်စုနေ့


ပင်လုံကျောက်တိုင်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ တတိယတန်းကျောင်းသားဘ၀ မှသည် ယခုအချိန်အထိ ဖတ်မှတ်သိရှိခဲ့ရသော သမိုင်းစာမျက်နှာများမှ မြန်မာတို့ ချုပ်ဆိုခဲ့ကြသောစာချုပ်များစွာရှိခဲ့ကြသည်။ ၁၈၂၄ ခုနှစ် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် ကုန်းဘောင်ခေတ်တွင် စတင်ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အတွက် ၁၈၂၆ ခုနှစ် ရန္တပိုရ်စာချုပ် မှ မြန်မာနိုင်ငံသမိုင်းတွင် အထူးအရေးပါခဲ့သောစာချုပ်များစွာအနက် ပင်လုံစာချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအတွက် အထူးအရေးပါသော စာချုပ်ဖြစ်လေသည်။

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး မြန်မာတို့ သူ့ကျွန်ဘ၀သို့ လုံးလုံးကျရောက်ခဲ့ရသည်မှာ မြန်မာနိုင်ငံသားတိုင်း သိရှိကြပြီးဖြစ်သည်။ သူတစ်ပါးဖိနှိပ်ချုပ်ချယ်မှုကို မခံချင်သော မျိုးချစ်မြန်မာသူရဲကောင်းများစွာတို့ လွတ်လပ်ရေးအတွက် အသက်သွေးချွေးတို့ ပေးဆပ်ခဲ့ကြရသည်။ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံတို့ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းအားထုတ်ခဲ့ကြသည် ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်မျိုးချစ်မြန်မာလူငယ်တို့ ကြိုးပမ်းအားထုတ်မှုဖြင့် ဂျပန်တို့နှင့်ပူးပေါင်းကာ အင်္ဂလိပ်တို့ကို မြန်မာမြေပေါ်မှ စွန့်ခွာစေနိုင်ခဲ့သည်။ သို့ပေတည့် ဂျပန်တို့သည်လည်း မြန်မာတို့အပေါ် မတရားနှိပ်ဆက်ညှင်းပမ်းခဲ့ကြပေသည်။ ဂျပန်တို့ကိုလည်း မြန်မာမြေပေါ်မှ စွန့်ခွါစေနိုင်ခဲ့သည့်နောက် မြန်မာပြည် လုံးဝလွတ်လပ်ရေးရရန်အတွက် ဗိုလ်ချုပ်နှင့်မြန်မာ့ခေါင်းဆောင်ကြီးတို့ အပတ်တကုတ်ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးရာတွင် ပြည်နယ် ပြည်မ ခွဲခြားလိုသည်။ မြန်မာ့ခေါင်းဆောင်များက ပြည်နယ်ပြည်မ မခွဲခြားဘဲ တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေးကို ရယူလိုကြသည်။ ၁၉၄၆ ခုနှစ် ဇန္န၀ါရီလ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်များက ရွှေတိဂုံ အလယ်ပစ္စယံလူထု အစည်းအဝေးပွဲ၌ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးလက်တွဲ၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက်ချမှတ် ကြိုးပမ်းခဲ့ကြသည်။


အလယ်ပစ္စယံ လူထုအစည်းအဝေး

၁၉၄၆ ခုနှစ် ဇန္န၀ါရီလအတွင်းမှာပင် ရှမ်းပြည်မြောက်ပိုင်း ၊ ပင်လုံမြို့တွင်ကျင်းပသော ရှမ်းစော်ဘွားများညီလာခံသို့ မြန်မာ့ခေါင်းဆောင်များဖြစ်သော သခင်နု ၊ ဦးဘဂျမ်း နှင့် မန်းဘခိုင်တို့ တက်ရောက်ကာ အင်္ဂလိပ်တို့ ၀ါဒဖြန့်မှုကြောင့်တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအားရှင်းလင်းပြောဆိုခဲ့ကြသည်။


အင်္ဂလန်သို့ သွားရောက်စဉ်က

၁၉၄၇ ခုနှစ် ဇန္န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့သွားရောက်၍ မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုကြရာ အင်္ဂလိပ်တို့က တောင်တန်းဒေသများက ပြည်မနှင့်ပူးပေါင်းရန်သဘောတူပါက တပြိုင်တည်း လွတ်လပ်ရေးပေးမည်ဟုပြောဆိုကာ အောင်ဆန်း-အက်တလီ စာချုပ် ကို ချုပ်ဆိုခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်အဖွဲ့တို့ မြန်မာပြည်သို့ပြန်လည်ရောက်ရှိကာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံသို့တက်ရောက်၍ ပြည်နယ်နှင့်တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ညတွင် တိုင်းရင်းသားပေါင်းစုံတို့ ညီညွတ်မှုရရှိခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁) ဦး တို့ ပြည်နယ်ပြည်မပူးပေါင်းရေး သဘောတူသော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ ( ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ) ကို “ ပြည်ထောင်စုနေ့ ” ဟု ခေါ်ဝေါ်ခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်လေသည်။


တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ


တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ


ပင်လုံစာချုပ်


ပင်လုံစာချုပ် လက်မှတ်ရေးထိုးနေစဉ်

ပြည်ထောင်စုနေ့ကို နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုကာ နှစ်စဉ်နှစ်တိုင်း အခမ်းအနားများကျင်းပခဲ့ကြသည်။ ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ် များတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြသည်။ ပြည်နယ်အသီးသီးမှ ဧည့်သည်တော်ကိုယ်စားများတက်ရောက်၍ တခမ်းတနားကျင်းပကာ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေကြသည်။ ၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စုအလံကို အလှည့်ကျပြည်နယ်များမှ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန်အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ အပ်နှင်းခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းတွင် အထူးအရေးပါသော လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူ အုတ်မြစ်ချနိုင်ခဲ့သော “ ပြည်ထောင်စုနေ့ ” ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကား မြန်မာပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။

ကိုးကားချက်များ

၁ ။ ပီတိ ဘလော့
၂ ။ ပြည်ထောင်စုနေ့ Myanmar online
၃ ။ ဓါတ်ပုံများကို Online မှ ကူးယူထားခြင်းဖြစ်ပါသည်။

Oct 6, 2010

မြတ်ဆရာ

ကမ္ဘာ့ ဆရာများနေ့ အမှတ်တရ ပို့စ်လေးရေးဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မအားလပ်လို့ ၅ ရက်နေ့က မရေးနိုင်ခဲ့ပါဘူး ။
ရေးချင်နေတာလေးတွေ အများကြီးရှိနေပေမယ့် သီချင်းလေးနဲ့ပူဇော်လိုက်ပါတယ် ။
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို ရည်စူးလျက် ...
အာစရိယ ဂုဏံ အဟံဝန္ဒာမိ ။



ပဲခူးတိုင်း(အနောက်ပိုင်း) ၊ ပန်းတောင်းမြို့နယ် ၊ အထက - ဂုံညှင်းတန်း ကျောင်းသားကျောင်းသူဟောင်းများ မှ ကြီးမှူးကျင်းပသော ၂၀၀၉ ခုနှစ် ဒုတိယအကြိမ် မြတ်ဆရာပူဇော်ပွဲ
( ပီတိများနဲ့မျက်ရည်ကြားက ဆင်နွဲခဲ့သောပွဲလေးမို့ အမှတ်တရအဖြစ် ဤဓါတ်ပုံလေးအားတင်လိုက်မိပါသည် )

Jul 30, 2010

မူလတန်းကျောင်းသို့ လေ့လာရေးတစ်ခေါက်

( ၂၀.၅. ၂၀၁၀ ) ကြာသပတေးနေ့က အိုခယာမတက္ကသိုလ် ၊ လေ့ကျင့်ရေး မူလတန်းကျောင်း သို့ Observation လုပ်ရန် သွားရောက်ခဲ့ပါတယ် ။

သိပ္ပံသင်ကြားမှုလက်တွေ့ခန်းကိုသွားရောက်ပြီး သိပ္ပံသင်ပြမှုများကိုလေ့လာနိုင်စေရန် ဆရာတာနကနှင့်မိတ်ဆက်ပေး ပါတယ် ။


သိပ္ပံလက်တွေ့သင်ကြားမှုကို ၈း၄၅ နာရီမှာ စတင်ပါတယ် ။
သင်ခန်းစာမှာ အပင်၏ကြီးထွားမှုအကြောင်းဖြစ်ပါတယ် ။
မသင်ကြားမှီ ဆရာရဲ့ ပြင်ဆင်ထားမှုများကို ပြောပြချင်ပါတယ် ။
မျိုးစေ့အချို့ကို ရေစိမ်ထားပါတယ် ။ အတော်အသင့် ကြီးထွားပြီးဖြစ်သော အပင်များကို စုဆောင်းထားပြီးဖြစ်ပါတယ် ။
သစ်ဆွေးဖြင့်ပြုလုပ်ထားသောမြေသြဇာ များ ၊ ရိုးရိုးရေဇလုံ ၊ ဓါတ်မြေသြဇာ ဖျော်ထားသောရေဇလုံ ၊ ဗူးခွံများ ၊ ဖာ့တုံးများ ၊ စသည်တို့ကို ဆရာမှ အဆင်သင့် စုဆောင်းထားပြီးဖြစ်ပါတယ် ။


ဆရာရဲ့စာသင်ပြမှုအပိုင်းကိုလည်း အနည်းငယ်ပြောပြချင်ပါတယ် ။
ကျောင်းသားကျောင်းသူများက ၄ ယောက်တစ်အုပ်စုစီဖြင့် ၈ အုပ်စုက သက်ဆိုင်ရာ စားပွဲများမှာ နေရာယူကြပါတယ် ။
အားလုံးအပြန်အလှန်နှုတ်ခွန်းဆက်ကြပြီးနောက် သင်ခန်းစာစတင်ပါတယ် ။
ဆရာက မေးခွန်းတစ်ခုကို မေးလိုက်ပါတယ် ။
အပင်ကြီးထွားမှုအတွက် လိုအပ်သောအချက်အလက်များ က ဘာလဲ ။
အားလုံးက သူ့ထက်ငါ အပြိုင်အဆိုင် ဆွေးနွေးကြတာကို တွေ့ရပါတယ် ။
တစ်ဦးက ဆွေးနွေးဖြေဆိုပြီးတိုင်း အားလုံးက လက်ခုပ်တီး၍ချီးမြှောက်သြဘာပေးပါတယ် ။
၎င်းမှာ သင်ပြီးခဲ့သော သင်ခန်းစာနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်းသာမက ယခုသင်ကြားမည့်သင်ခန်းစာကို မိတ်ဆက်ခြင်း Introduction လုပ်ခြင်းလည်းဖြစ်ပါသည်။
Revision ပြီးသောအခါ သင်ခန်းစာအသစ်စတင်ရန် ဆရာက worksheet များအား ဝေပေးပါသည် ။
သင်ခန်းစာသင်ကြားချိန်မှာ ကျောင်းသားကျောင်းသူများက ပုံနှိပ်စာအုပ်များကို လုံးဝ ကြည့်ရှုကြခြင်းမရှိပါဘူး ။

စာပွဲပေါ်တွင် worksheet များကိုသာ ထားရှိပါသည် ။ဆရာ က board ပေါ်တွင် မေးခွန်းတစ်ခုကို ရေးတင်လိုက်ပါသည် ။
“အပင်ကြီးထွားဖို့ ဘယ်လိုအခြေအနေတွေလိုအပ်ပါသလဲ” ဆိုတဲ့ အဆိုကို ဆရာက ရေးလိုက်ပါသည် ။ ကလေးများက သတ်မှန်ချိန်အတွင်း အုပ်စုလိုက်ဆွေးနွေးကြပါသည် ။
ပေးထားတဲ့ အချိန် ( ၁၀ မိနစ် ) အတွင်းမှာ အုပ်စုတွင်း အပြန်အလှန်ဆွေးနွေးကြပါတယ် ။
ခေါင်းစဉ်တစ်ခုချင်းစီအတွက် worksheet အတွင်းမှာပင် individual prediction တွေကို ချရေးကြပါတယ် ။
သတ်မှန်ချိန်ပြည့်သောအခါ အုပ်စုတစ်ခုချင်းစီရဲ့ ကိုယ်စားလှယ်တစ်ဦးစီက မိမိတို့ရရှိထားသော အချက်အလက်များကို တင်ပြဆွေးနွေးကြပါတယ် ။
ဆရာက ဆွေးနွေးဖြေကြားမှုများကို boardပေါ်မှာမှတ်တမ်းတင်ရေးသားပါတယ် ။

အချို့အချက်များကိုဆရာနဲ့ ကျောင်းသားများက အပြန်အလှန်အခြေအတင်ဆွေးနွေးကြတာကိုလည်းတွေ့ခဲ့ရပါတယ် ။
အလွန် အတုယူဖို့ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ် ။
ထို့နောက် မေးခွန်းနောက်တစ်ခုကို ဆရာက ရေးတင်လိုက်ပြန်ပါတယ် ။
“အရွက်များ အစိမ်းရောင်ရှိခြင်းရဲ့အကြောင်းရင်း ” ဖြစ်ပါတယ် ။
ကလေးများက ဆွေးနွေးအဖြေရှာကြပြန်ပါတယ် ။
ထိုအကြောင်းရင်းနှင့်ပတ်သက်ဆွေးနွေးပြီးသည့်နောက် နောက်သင်ခန်းစာအတွက် ဆွေးနွေးညှိနှိုင်းကြပါတယ် ။
“အပင်ကြီးထွားလာသောအခါပြောင်းလဲလာသောအခြေအနေများ ” ဆိုတဲ့ ခေါင်းစဉ်ကိုဆွေးနွေးကြပါတယ် ။
ထို့နောက် အပင်ကြီးထွားရန်လိုအပ်သော အရာများ နှင့် အပင်ကြီးထွားလာသောအခါ ပြောင်းလဲလာသောအခြေအနေများ ကို ကလေးများကိုယ်တိုင် investigate လုပ်ရန်ဖြစ်ပါတယ် ။မိမိတို့ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ခွင့်ရှိပါတယ် ။
ပထမတစ်ချိန်ကုန်သွားသောအခါ break time ပေးပါတယ် ။ ၁၀ မိနစ် ။
ဒုတိယအချိန်စတင်သောအခါ ဆရာက လုပ်ဆောင်ရမည့် အချက်အလက်များကို ရှင်းလင်းခြင်း နှင့် မြေဆီလွှာ၏ အရေးပါပုံ ၊ ဓါတ်မြေသြဇာလိုအပ်ချက် စသည်တို့ကို ဆွေးနွေးပါတယ် ။ ထို့နောက်မိမိတို့ ရွေးချယ်ထားသော အကြောင်းအရာအလိုက် သက်ဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ကြပါတယ် ။


ဒီနေရာတွင် မှတ်သားခဲ့ရသည်မှာ ဆရာက အချိန်ကို တိကျစွာ အသုံးချသင်ကြားသွားခြင်း ဖြစ်ပါတယ် ။
နောက်တစ်ချက် က ကျောင်းသားကျောင်းသူများရော ဆရာပါ စိတ်ပါဝင်စားစွာ ဆွေးနွေးကြခြင်းဖြစ်ပါတယ် ။
ကျွန်တော် လေ့လာတွေ့ရှိခဲ့သည်များကို မိတ်ဆွေများအား မျှဝေခြင်းဖြစ်ပါသည် ။
အားလုံး ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာကြပါစေ ။

Jul 25, 2010

ဝါဆိုလပြည့် ကျားမင်းနေ့

မနက်ဖြန် ၂၀၁၀ ခုနှစ် ၊ ဇူလိုင်လ ၊ ၂၆ ရက် ( တနင်္လာနေ့ )၊ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ ဒုတိယ၀ါဆိုလပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်နေ့ထူးတစ်နေ့ ဖြစ်ပါတယ် ။
၁ ။ နတ်ဗြဟ္မာတို့ရဲ့ တောင်းပန်မှုကြောင့် အလောင်းတော်သေတကေတုနတ်သားဟာ နတ်အဖြစ်မှ စုတေတော်မူကာ ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းမြတ်၏ အဂ္ဂမဟေသီတောင်ညာစံဒေ၀ီဖြစ်တော်မူသော မယ်တော်မာယာရဲ့ဝမ်းကြာတိုက်တွင် ပဋိသန္ဓေယူတော်မူ သောနေ့ဖြစ်ဖြစ်ပါတယ် ။
၂ ။ သက်တော် ၁၆ နှစ်မှ စတင်ကာ ကပိလ၀တ်ထီးနန်းစည်းစိမ်ကို ၁၃ နှစ်ကြာ စံစားပျော်ပါး၍ သက်တော် ၂၉နှစ် အရွယ်တွင် နတ်ဗြဟ္မာတို့၏ ဖန်ဆင်းမှုဖြင့် သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီးလေးပါး မြင်တော်မူပြီးနောက် တောထွက်တော်မူသောနေ့လည်း ဖြစ်ပါတယ် ။
၃ ။ ဘုရားဖြစ်တော်မူပြီးနောက် မိဂဒါဝုန်တောတွင် ကောဏ္ဍညအမှူးပြုတဲ့ ပဉ္စ၀ဂ္ဂီငါးဦးအား တရားဦးဟောတော်မူသော နေ့ထူးနေ့မြတ် လည်းဖြစ်ပါတယ် ။
မနက်ဖြန်ကျရောက်တော်မူသော ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ အယူအရ တနင်္လာနေ့ဖြစ်သည်နှင့်အညီ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့အဖြစ် မှတ်ယူနိုင်ပါတယ် ။ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးက ခုနှစ်နေ့ဘုရားရှိခိုးတွင် -
- ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊ ဆယ့်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍ ၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ညင်ညို ၊ သံဝေပိုက ၊ ၀ါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ၊ ချမ်းမြေ့ရဂုံ ၊ တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ် ၊ ခန်းမှာကိုး ။ ။
ဟု ရေးစပ်သီကုံးတော် မူခဲ့ပါတယ် ။
ဗုဒ္ဓဘာသာဝင်များက ၀ါဆိုဝါကပ်တော်မူမည့် ရဟန်းသံဃာတော် အရှင်သူမြတ်များအား ရည်မျှော်မှန်း၍ ၀ါဆိုသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းတော်မူကြသည့် အချိန်ခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မုဒိတာတရားစိတ်ဝယ်ထားကာ သာဓု အနု မောဒနာ ခေါ်ဆိုထိုက်လှပါပေတယ် ။
မိတ်ဆွေအပေါင်းတို့ သိပြီးဖြစ်ပေမယ့် ဒီပို့စ်လေးကိုဖတ်မိတဲ့အခိုက် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်အား ပူဇော်ဦးခိုက်နိုင်ပါရန် ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး၏ ဗုဒ္ဓနေ့ ခုနှစ်နေ့ဘုရားရှိခိုးအား ရေးသားဖေါ်ပြလိုက်ရပါတယ် ။
၁ ။ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ သောင်းခွင်စကြာဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ၊ ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည် ၊ ၀ါဆိုလပြည့် ၊ ကြွက်မင်းနေ့ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ ၊ သန္ဓေယူသည် ၊ နတ်လူငြိမ်းဖို့ ၊ ကိန်းပါကိုး ။ ။
၂ ။ သန္ဓေယူကာ ၊ ဆယ်လကြာသော် ၊ မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်ကြုံ ၊ ကဆုန်လပြည့် ၊ သောကြာနေ့ဝယ် ၊ ချမ်းမြေ့စုံစီ ၊ လုံဗနီ၌ ၊ မဟီလှိုက်ဆူ ၊ ဖွားတော်မူသည် ၊ နတ်လူအောင်မြို့ ၊ လမ်းပါကို ။ ။
၃ ။ ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊ ဆယ့်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍ ၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ညင်ညို ၊ သံဝေပိုက ၊ ၀ါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ၊ ချမ်းမြေ့ရဂုံ ၊ တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ် ၊ ခန်းမှာကို ။ ။
၎ ။ တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်၍ ၊ ခါတော်တစ်ဖုံ ၊ ပွင့်ချိန်ကြုံက ၊ ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက် ၊ ရွှေညောင်တော်ကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊ နေတော်မူလျက် ၊ ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အလျဉ်းပယ်ဖျောက် ၊ အလင်းပေါက်က ၊ ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဖေါ်လူတို့ ၊ ငြမ်းပါကို ။ ။
၅ ။ ဘုရားဖြစ်ခါ ၊ မိဂဒါသို့ ၊ စကြာရွှေဖွား ၊ ဖြန့်ချိသွား၍ ၊ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် ၊ မဟီတစ်သောင်း ၊ တိုက်အပေါင်းမှ ၊ ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား ၊ ၀ါဆိုလပြည့် ၊ စနေနေ့ဝယ် ၊ ကြွေ့ကြွေ့လျှံတက် ၊ ဓမ္မစက်ကို ၊ မိန့်မြွက်ထွေပြား ၊ ဟောဖေါ်ကြားသည် ၊ တရားနတ်စည် ၊ ရွမ်းတယ်ကို ။ ။
၆ ။ တရားနတ်စည် ၊ ဆော်ရွမ်းလည်က ၊ သုံးမည်ဘုံထိုက် ၊ တစ်သောင်းတိုက်ဝယ် ၊ ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ ၊ သတ္တ၀ါကို ၊ ခေမာသောင်သို့ ၊ ဖေါင်ကူးတို့ဖြင့် ၊ ဆောင်ပို့ပြီးခါ ၊ ၀ါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် ၊ စုံပြည့်ကြွယ်က ၊ ရာလေးဆယ့်ရှစ် ၊ သက္ကရာဇ်ဝယ် ၊ နယ်မလ္လာတိုင်း ၊ စံနှိုင်းမယုတ် ၊ ကုသိနာရုံ ၊ အင်ကြင်းစုံ၌ ၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ၊ ချမ်းမြေ့နိဗ္ဗူ ၊ စံတော်မူသည် ၊ ၀ှန်းဆူသောင်းလုံး ၊ ကျော်တယ်ကို ။ ။
၇ ။ နိဗ္ဗူစံပြီ ၊ ရှုမအီသာ ၊ သိဂီ င်္ရွှေလှော် ၊ အလောင်းတော်ကို ၊ ထိုရော်ကဆုန် ၊ လဆုတ်ကြုံ၍ ၊ ဂဠုံနေ့ဝယ် ၊ ခိုးငွေ့မနော ၊ ဓါတ်တေဇောလျှင် ၊ ရှင်စောညဏ်စက် ၊ ဓိဋ္ဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် ၊ မီးပူဇော်သည် ၊ မွေတော်ရှစ်စိတ် ၊ ကြွင်းတယ်ကို ။ ။
၈ ။ ထိုခုနှစ်နေ့ ၊ သာချမ်းမြေ့ကို ၊ စွေ့စွေ့ကြည်ဖြူ ၊ အာရုံယူလျက် ၊ သုံးလူတို့နတ် ၊ မြတ်ထက်မြတ်ဖျား ၊ ကိုယ်တော်ဘုရားကို ၊ သုံးပါးမှန်စွာ ၊ ၀န္ဒာဖြင့် ၊ သဒ္ဒါဖြိုးဖြိုး ၊ ကျွန်ရှစ်ခိုးသည် ၊ ကောင်းကျိုးခတ်သိမ်း ၊ ကြွယ်စေသောဝ် ။ ။
အောက်တွင်ပေးထားသော link သည် Burmeseclassic.com ဗုဒ္ဓ၀င်များမှ တောထွက်တော်မူခန်းဖြစ်ပါသည် ။
http://www.burmeseclassic.com/show2.php?id=&s=&tc=&FMfile=Buddhawin4.xml
အောက်ပါ video သည် ကဆုန်လပြည့်နေ့ကို အထူးပြုဟောကြားထားသော်လည်း ၀ါဆိုလပြည့်နေ့နှင့်သက်ဆိုင်သည်များကို လည်း နာယူပူဇော်နိုင်ပါသဖြင့် မျှဝေလိုက်ပါသည် ။

မှတ်ချက် ။ ။ တစ်စုံတစ်ရာ အမှားအယွင်းများပါခဲ့လျှင် ရေးသားသူ မိမိ၏ အမှားများသာဖြစ်ပါသည် ။

Jul 19, 2010

၁၉ ဂျူလိုင်

ဒီနေ့ မိုးလင်းကတည်းက နေသာနေတာ ။ အိုက်စပ်စပ်နဲ့ နေလို့မကောင်းဖြစ်နေတာ ။
မြန်မာစံတော်ချိန် ၁၀း ၃၀ နာရီ လောက် ရောက်တော့ ထူးထူးခြားခြား မိုးအုံ့နေပါတယ် ။
အပြင်ကို ထွက်ကြည့်မိပါသေးတယ် ။ တိမ်မည်းတို့ ညို့နေလေရဲ့ ။
နာရီဝက်လောက်ကြာတော့ တိမ်တွေ ပြယ်ပြီး နေ ပြန်ပွင့်လာပါတယ် ။
တစ်နေကုန်ပါပဲ ။ ပူလွန်းလို့ အပြင်ထွက်ရမှာ ကြောက်နေလေရဲ့ ..။
ဒါနဲ့ပဲ ကွန်ပျူတာရှေ့ထိုင်ပြီး စာထိုင်လုပ်နေပါတယ် ။ report ရေးနေတာပါ ။
နည်းနည်းလေးကြာတော့ ညောင်းလာတာနဲ့ ခဏနား ၊ လမ်းထလျှောက် ၊ ပြန်ထိုင်ပြီးတော့ သတင်းလေးတွေလိုက်ဖတ်နေမိပါတယ် ။
ဆရာ ဒဂုန်တာရာရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်မိတော့ မျက်ရည် ၀ဲလာပါတယ် ။
တော်တော်လေး စိတ်ထိခိုက်ခံစားပြီး နှမြောတသ လွမ်းဆွတ်နေမိပါတယ် ။
ဆောင်းပါးထဲက အကြောင်းအရာလေးတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်ပါပဲ ။
မြန်မာစံတော်ချိန် ၁၀း ၃၀ နာရီ ။ မိုးတွေ ရွာနေတဲ့အချိန်ပါပဲ ။
ဆောင်းပါးရှင် က ကိုယ်တွေ့ဖြစ်ရပ်လေးကို စိတ်လှုပ်ရှားစွာ ရေးသားထားပါတယ် ။
ကျွန်တော်လည်း ဖတ်နေရင်း သူတို့တွေလို ခံစားနေမိပါတယ် ။
“လုပ်ရက်လေခြင်း” ၊ “အလွန်ကို ခြောက်ခြားဖွယ်သတင်းဆိုးပါလား” ၊ “ဘာမှမဖြစ်ပါစေနဲ့” ၊ “တောက် လူမဆန်လိုက်ကြတာကွာ” ၊ “အားကီး ရက်စက်တာပဲ” ၊ “ ဖြစ်မှ ဖြစ်ရလေ ၊ ဖြစ်မှ ဖြစ်ရလေ ” ဆိုတဲ့ အာမေဍိတ်သံတွေ ၊ နှမြောတသသံတွေ က ရင်ကိုနင့်သွားစေပါတယ် ။
ဆရာဇော်ဂျီရဲ့ “အမျိုးသားပျက်စီးခြင်းတစ်ရပ်ပဲ” ၊ “လူတွေဟာ မပြောရက်ကြဘူး” ဆိုတဲ့ နှမြောတသစွာ ပြောတဲ့ အသံလေးကလည်း ကိုယ့်ရှေ့မှာပြောနေသလို တကယ့်ကို မချိစရာပါပဲ ။
ဆောင်းပါးလေးရဲ့ ခေါင်းစဉ်က “ဦးအောင်ဆန်းရဲ့ နောက်ဆုံးနေ့” တဲ့လေ ။
သြော်... ဒီနေ့က ကျွန်တော်တို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရတဲ့ ၁၉ ဂျူလိုင် ၊ “အာဇာနည်နေ့”ပေါ့ ။ ၆၃ နှစ်တောင် ရှိခဲ့ပါပြီကော ။
ဒါနဲ့ ကျွန်တော်လည်း ၀မ်းနည်းစွာနဲ့ သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီးနားထောင်နေမိပါတယ် ။
မိတ်ဆွေတို့လဲ နားဆင်ခံစားကြည့်ကြပါဦး ။



မှတ်ချက် ။ ။ အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၊ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးများအား အမှတ်ရသောအားဖြင့်သာ
ရေးသားခြင်းဖြစ်ပါသည် ။

Jul 11, 2010

ကျွန်တော် မှတ်မိနေသော စကားလေးများ ( ၂ )

ဖတ်ခဲ့ဘူးတဲ့ စာအုပ်တွေကို သေသေချာချာမှတ်မထားမိပေမယ့် အဲဒီစာအုပ်တွေထဲမှာ ပါတဲ့ အကြောင်းအရာလေးတွေတော့ မှတ်မိနေတတ်ပါတယ် ။
ကျွန်တော့်စိတ်က ပျော့တယ်လို့ပြောရမလားမသိပါ ။ သူတစ်ပါးက ကိုယ့်ကို တစ်ခုခု ( အပြစ် (သို့) ကိုယ်မကြိုက်တာ ) ပြောလိုက်ရင် တွေးပြီး စိတ်မကောင်းဖြစ်နေတတ်ပါတယ် ။ ဒါမှ မဟုတ်လဲ ဒေါသထွက်နေတတ်ပါတယ် ။ ဒေါသထွက်တာဟာလည်း စိတ်ပျော့လို့လို့ထင်ပါတယ် ။
တစ်နေ့ ကျွန်တော် စာအုပ်တစ်အုပ်ဖတ်မိတော့ ကျွန်တော့်စိတ်ကလေး ထားတတ်သွားပါတယ် ။(ကိုယ့်ကိုယ်ကို အမွှန်းတင်ခြင်းမဟုတ်ပါ )။ သူတစ်ပါးကို အပြစ်လဲမမြင်တော့ပါ ။ ဒေါသလည်းမထွက်တော့ပါ ။
အဲဒီ စာအုပ်ထဲမှာ ပါတဲ့ စာသားလေးက ကျွန်တော့်ကို ဆုံးမလိုက်ပါတယ် ။
“ သူမှ ကိုယ်မဟုတ်ပဲ ” ဆိုတဲ့စာသားလေးဖြစ်ပါတယ် ။
“ သူတစ်ပါးကို အပြစ်မြင်တော့မည် ၊ ဒေါသဖြစ်တော့မည် ဆိုလျှင် သူ့နေရာကို ကိုယ်က ၀င်ရောက်ခံစားကြည့်ပါ ။ ကိုယ်ချင်းစာစိတ်ထားပါ ။ ” လို့ ပြောထားပါတယ် ။
တစ်ပါးသူများသည် မိမိနှင့် အသိ ၊ ဉာဏ် ၊ တွေးခေါ်ပုံ ၊ ပတ်ဝန်းကျင် စတာတွေ ကွာခြားမှုကြောင့် သူ့ဘက်မှ သူ့အမြင်နဲ့ပြောတတ် ၊ ပြုမူတတ်ပါတယ် ။ သူ့နေရာမှာ မိမိသာဆိုလျှင် ထိုသို့ပြောမည် ၊ ပြုမူမည် မဟုတ်ပါ လို့ ကိုယ်ချင်းစာစိတ်မွေးဖို့ပြောထားပါတယ် ။ ဒါကို ဘယ်လို အကောင်းဆုံးပြေလည်အောင် ပြန်လည်ချေပ ဖြေရှင်းသင့်လဲ ဆိုတာကို သေချာတွေးတော အဖြေရှာရမှာ ဖြစ်ပါတယ် ။
လုပ်ငန်းခွင်ထဲတွင်လည်း ၊ ပတ်ဝန်းကျင်ထဲမှာ မကြာခဏ ပြဿနာများကြုံခဲ့ရပေမယ့် ထိုဆုံးမစကားလေးကြောင့် ပြေပြေလည်လည် ဖြေရှင်းအောင်မြင်ခဲ့ရပါတယ် ။
ဆရာတော်ဦးဇောတိကလား ၊ အရှင်ဆန္ဒာဓိကလားသေချာမသိတော့ပါ ။ ( စာဖတ်သူများ ခွင့်လွှတ်စေချင်ပါသည် ။ နောက်နောင် စာအုပ်များ ဖတ်လျှင် သေချာမှတ်ထားပါမည် ။ )

Apr 20, 2010

ကျွန်တော် မှတ်မိနေသော စကားလေးများ

- တစ်နေ့ ကျောင်းကပြန်ရောက်တော့ ဖေဖေလည်းပဲ အလုပ်က ပြန်လာတာနဲ့ တိုက်ဆိုင်နေတယ်လေ ။ အိမ်ပေါ်ရောက်တော့ ဖေဖေက “ ဒီမှာ မင်းဖတ်ဖို့ စာအုပ်ယူလာတယ် ။ ဖတ်ကြည့် ၊ ပြီးရင် ပြန်ပြောပြ ၊ မုန့်ဖိုး ၅၀၀ ပေးမယ် ” တဲ့ ။ ဖေဖေက ကျွန်တော်တို့ မောင်နှမတွေကို စာဖတ်ဖြစ်အောင် အဲဒီလို ဆွယ်တာလေ ။ ဆရာတော် ဦးဇောတိက စာအုပ်ပါ။ အဲဒီ အထဲက ကျွန်တော် အမြဲမှတ်မိနေတဲ့ စာလေးတစ်ကြောင်းက “ You must do the best that you can ” “ သင်လုပ်နိုင်တာကို အကောင်းဆုံးဖြစ်အောင်လုပ်ရမယ် ” တဲ့ ။

- သင်တန်းတစ်ခုမှာ ဆရာကြီး ဦးစိုးသိမ်း ( လ(ခွဲ) ကျီးတော ၊ ပန်းတောင်း ) ပြောတဲ့ စကားလေး တစ်ခွန်းကို မှတ်မိနေပါတယ် ။ အဲဒီစကားလေးကို စာအုပ်တစ်အုပ်ထဲမှာလည်း ဖတ်မိဘူးတယ် ထင်ပါရဲ့ ။ ပညာတန်ဆောင်လို့ထင်တာပါဘဲ ။ ဆရာကြီးက “ တစ်နေ့ ဆရာကြီးတစ်ဦး က ပင်လယ်ကမ်းစပ်ကို လမ်းလျှောက်ထွက်တော့ လှိုင်းတွေနဲ့ အတူ ပါလာတဲ့ ထောင်ပေါင်းများစွားသော ကြယ်ငါးလေးတွေ ကမ်းစပ်မှာ တင်နေတယ် တဲ့ ။ ဒါနဲ့ အဲဒီဆရာကြီးလည်း ကြယ်ငါးလေးတွေကို ပင်လယ်ထဲကို ပြန်ချပေးနေတာပေါ့ ။ ဒီအချိန်မှာ အနီးက ဖြတ်သွားတဲ့လူ တစ်ယောက်က “ ဟေ့လူ ဘာလုပ်နေတာလဲ ” လို့ မေးသတဲ့ ။ ဆရာကြီးက “ ကြယ်ငါးလေးတွေကို ရေထဲ ပြန်ချပေးနေတာလေ ” လို့ဖြေတာပေါ့ ။ “ ခင်ဗျားက အကျိုးမရှိတဲ့ အလုပ်ကို လုပ်နေတာပဲ ၊ ခင်ဗျား အကုန်လုံးချပေးနိုင်လို့လား ” လို့ ခုနက လူကပြောတယ်။ ဆရာကြီးက “ အကုန်တော့ ချမပေးနိုင်ပါဘူး ၊ ဒါပေမယ့် သူချပေးလိုက်တဲ့ ကြယ်ငါးလေးတွေကတော့ အသက်ရှင်ခွင့်ရသွားကြပါတယ် ” လို့ ပြန်ပြောတယ်တဲ့ ။ အဲဒီတော့ အားလုံးအတွက်မလုပ်နိုင်ရင်တောင် ကိုယ်လုပ်နိုင်သလောက်ကို လုပ်ပေးလိုက်ရင် ကိုယ်ပေးလိုက်တဲ့လူတွေ မှာ အကျိုးရှိနိုင်တာပေါ့တဲ့ ။

Apr 15, 2010

မနေ့က seminar

အိမ်မပြန်ချင်သေးလို့ထိုင်ပြီး အတွေးနယ်ချဲ့ရင်း မနေ့ကသင်ခန်းစာလေးကို ရောက်သွားတယ် ။ သင်ခန်းစာ ဆိုပေမယ့် ဆွေးနွေးပွဲ ၊ နှီးနှောပွဲ လေးလိုပါပဲ ။ ပရော်ဖက်ဆာက ဥပမာလေးတွေနဲ့ပြောပြပါတယ် ။ ကျွန်တော့်ရဲ့အားနည်းချက်ကြောင့် သူမက သင်ပြ ပြောပြတာတွေ အားလုံးကို နားမလည်ပေမယ့် နားလည်သလောက် သိသလောက်ကို သူငယ်ချင်းတွေ အတွက် မျှဝေတာပါ ။ သိပြီးသားလေးတွေ ဆိုရင်လဲ သတိပေးနှိုးဆော်တာပါ ။ သူပေးတဲ့ဥပမာလေးတွေကို နှစ်သစ်လို့ပါ ။
မနေ့က သိပံ္ပရဲ့သမိုင်းကြောင်းလေးနဲ့ မိတ်ဆက်ပြီး သိပ္ပံဘာသာ သင်ပြမှုနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ် ။ သင်ကြားသင်ယူမှုဖြစ်စဉ်ဟာ ဆရာဝန်နဲ့လူနာလိုပါပဲ ။ လူနာတစ်ယောက်က တစ်ခုခုဖြစ်လို့ ဆေးရုံဆေးခန်းကိုသွားရင်
ဆရာဝန် ။ ။ ဘာဖြစ်လို့ပါလဲ
လူနာ ။ ။ ဘာဖြစ်မှန်းတော့မသိပါဘူး ၊ နေလို့ထိုင်လို့ သိပ်မကောင်းဘူး ။
ဆရာဝန် ။ ။ ဘယ်တွေသွားခဲ့လဲ ၊ ဘာတွေလုပ်ခဲ့လဲ ၊ ဘယ်လို ......... ၊ ဘာဖြစ် ........... ၊ စတဲ့စတဲ့ မေးခွန်း
တွေ မေးပါလိမ့်မယ် ။
ပြီးမှလိုအပ်တဲ့စမ်းသပ်မှုတွေလုပ်ပါလိမ့်မယ် ။ ဥပမာ - အပူချိန်တိုင်းတာတို့ ၊ မျက်စေ့ကို ကြည့်တာတို့ စသည်ဖြင့်ပေါ့ ။ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ပါလိမ့်မယ် ။ ကောက်ချက်ချပါမယ် ။ တိတိကျကျ ဆုံးဖြတ်ချက်ချနိုင်ပြီးတဲ့နောက် လိုအပ်တဲ့ ဆေးဝါးကုသမှု ၊ ညွှန်ကြားမှုတွေ ပေးပါလိမ့်မယ် ။ လူနာဘက်ကလဲ လိုအပ်ရင် နောက်နေ့ ထပ်ပြရပါမယ် ။ စိတ်ချရတဲ့အခြေအနေရောက်သည်အထိ အကြိမ်ကြိမ် စမ်းသပ်ခံဖို့လိုအပ်ပါတယ် ။
အထက်မှာ ပြောခဲ့သလိုပါပဲ ကျွန်တော်တို့ သင်ကြားသင်ယူမှုဖြစ်စဉ်မှာ အောက်ပါအချက်ကလေးတွေ ပါဝင်အောင်လုပ်ဆောင်ဖို့လိုအပ်ပါတယ် ။
1 . Investigation
2 . Observing
3 . Hypothesis
4 . Analysis
5 . Comparison
6 . Prediction
7 . Conclusion
ရရှိလာတဲ့ Result တွေကို မေ့မသွားအောင် စိတ်ချရတဲ့အခြေအနေရောက်အောင် Review လုပ်ပေးဖို့လဲလိုပါတယ် ။ အသုံးချဖို့လဲ လိုအပ်ပါတယ် ။ ဖြစ်နိုင်ရင် အပြန်ပြန်အလှန်လှန် အသုံးချရပါမယ် ။ Recycle လုပ်ရပါမယ် ။
ဒါလေးတွေ မနေ့က ရလိုက်ပါတယ် ။ သူငယ်ချင်းများ မိတ်ဆွေများ ဖတ်ကြည့်ပြီး ပြင်ဆင်ပေးပါ ၊ ဖြည့်စွတ်ပေးပါနော် ။
အားလုံးကို ခင်မင်ရင်းနှီးစွာဖြင့်
ဧည့်သည်