Jul 31, 2010

ဆရာမ သို့ အိတ်ဖွင့်ပေးစာ

သို့
ဆရာမ
အောက်မေ့သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ် ခင်ဗျ ။
ဆရာမ ခု ဘယ်ကိုရောက်နေတာလဲ ဆိုတာ မသိပေမယ့် ၁၉၈၆ ခုနှစ် က ဆရာမ ပြုစုယုယခဲ့တဲ့ တတိယတန်းကျောင်းသား တပည့်လေးတစ်ယောက်က အမြဲတမ်းအောက်မေ့သတိရနေပါတယ် ။
တောရွာဇနပုဒ်လေးမှာ အနေစုပ်စုပ်နဲ့ နေခဲ့ရတဲ့ တပည့်လေးတစ်ယောက်ကို မငြိုမငြင်ပြုစုယုယခဲ့တဲ့ ဆရာမရဲ့ ကြင်နာမှု ၊ နွေးထွေးမှုတွေက ကျွန်တော့်ကို အမြဲလွှမ်းမိုးနေပါတယ် ဆရာမရယ် ။
အဆုတ်အအေးပတ်တဲ့ရောဂါနဲ့ ကျောင်းဖွင့်တဲ့အချိန်ကစလို့ နေ့စဉ် ပင်နီစီလင်ဆေးထိုးခဲ့ရတဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ ဆရာမ နဲ့ ဆရာမရဲ့အမျိုးသားက ဒုက္ခခံပြီးဖေးမခဲ့လို့ ကျောင်းကို ပုံမှန်တက်နိုင်ခဲ့ရပါတယ်။
ကျောင်းသွားတော့ ဆရာမတို့က စက်ဘီးနဲ့ ။ ကျွန်တော်က ခြေလျင် ။
ဒါပေမယ့် ဆရာမတို့ စက်ဘီးမစီးခဲ့ကြဘူးနော် ။
ဆရာမ အမျိုးသားက ကျွန်တော့်ကို စက်ဘီးပေါ်တင်တွန်း ။ ဆရာမက ကျွန်တော့် လွယ်အိတ်လေးကိုလွယ်လို့ ။
ခု ကျွန်တော် ပြန်တွေး ပြန်မြင်ယောင်ရင်း ပီတိမျက်ရည်တွေ ကျနေပါတယ် ဆရာမရယ် ။
မေတ္တာတရားကြီးမားခဲ့တဲ့ ဆရာမ ။
ကရုဏာတရား မြင့်မားခဲ့တဲ့ ဆရာမ ။
အနစ်နာခံခဲ့တဲ့ ဆရာမ ။

ဆရာမ အနစ်ခံ ပြုစုခဲ့တာတွေဟာ အချည်းအနှီး မဖြစ်ခဲ့ပါဘူး ဆရာမ ရယ် ။
ဆရာမ ပြုစုယုယခဲ့တဲ့ ဆရာမ တပည့်လေးက ခု ကျောင်းအုပ်ဆရာကြီး ဖြစ်နေပါပြီ ဆရာမ ။
တာဝန် စပြီး ထမ်းဆောင်ခဲ့တဲ့ အချိန်တွေက စပြီး ဘ၀ကို တပည့်များအတွက်ပေးဆပ်နေမိပါတယ် ဆရာမ ရယ် ။
စကားစပ်မိလို့ ပြောပါရစေ ဆရာမ ရယ် ။ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် ဆယ်တန်းအောင်ပါတယ် ။
၁၉၉၈ ခုနှစ် ၊ တက္ကသိုလ်ကျောင်းသား ကျွန်တော် အလုပ်မရှိတော့ အထက်တန်းကျောင်းမှာ လုပ်အားပေးခဲ့ပါတယ် ။
အဋ္ဌမတန်း သင်္ချာသင်ရပါတယ် ။
တရားဝင်အလုပ်မဟုတ်ပေမယ့် ကျွန်တော် စေတနာတွေ အပြည့်အ၀ထားပြီး ထမ်းဆောင်ခဲ့ပါတယ် ဆရာမ ။
အဲဒီ အချိန်ကစပြီး ဆရာ ဆိုတဲ့ စကားလုံးနှစ်လုံးက ကျွန်တော့် ရင်ဘတ်ထဲကို စူးစူးနစ်နစ်ဝင်လာခဲ့တာပါ ။
ကျွန်တော်သိသလောက်တွေကို တပည့်တွေကို မျှဝေပါတယ် ။
ဆရာမ တပည့်ကလဲ ချူချာတာတော့ မပြောချင်တော့ပါဘူး ဆရာမ ရယ် ။
အဲဒီနှစ်က အူအတက်ရောင်လို့ ဆေးရုံ ၁၈ ရက်တက်ရတယ် ဆရာမ ။
ဆေးရုံတက်နေတော့ တပည့်တွေ ဆေးရုံရောက်လာကြပါတယ် ။
အဲဒီအချိန်မှာ ကျွန်တော်က သူတို့ကို စကားသိပ်မပြောနိုင်ပါဘူး ။
သူတို့က ကုတင်ခြေရင်းလေးမှာထိုင်ပြီး ကျွန်တော့်ကို ကန်တော့ကြတယ် ဆရာမ ရယ် ။
ကျွန်တော် ၀မ်းသာပီတိတွေဖြစ်နေမိတာ ဖေါ်မပြတတ်အောင်ပါပဲ ဆရာမရယ် ။
သူတို့ပြန်သွားတော့ မေမေက စာအိတ်လေးပေးခဲ့တယ် ဆိုလို့ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ၁ ကျပ်တန်လေးတွေ အထပ်လိုက် ။
ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ဆရာမရယ် ။
တပည့်တွေက ကျွန်တော့်အပေါ်ထားတဲ့ စေတနာ ကို ကျွန်တော် ပထမဦးဆုံးအကြိမ်ခံစားခဲ့ရတာပါ ။
ဒီလိုနဲ့ ဆရာမ တပည့် ၂၀၀၀ ခုနှစ်မှာ တရားဝင် အလုပ်ရတယ် ။ မူလတန်းပြပေါ့ ။
တာဝန်ကျတဲ့ ရွာက ကျွန်တော်တို့မြို့နယ်ရဲ့ အစွန်ဆုံးနေရာ ။ ရိုးမတောထဲမှာပါ ။
အလုပ်ခန့်စာရပြီး နောက်နေ့မှာပဲ စိတ်အားတက်ကြွစွာနဲ့ တာဝန်ကျတဲ့ ရွာကို ကျွန်တော်သွားခဲ့ပါတယ် ။
အဲဒီနေ့က နိုဝင်ဘာလ ၂၃ ရက် ။
ရွာကိုရောက်ဖို့ တော်တော်သွားရတယ် ဆရာမ ။
ကား ၂ ဆင့်စီးရပါတယ် ။
ပြီးတော့ ရိုးမတောထဲကို ၂ နာရီ လမ်းလျှောက်သွားပြီးမှ အဲဒီရွာကိုရောက်ပါတယ် ။
ရွာကို မရောက်ခင်လမ်းမှာ လူကြီးတွေရော ကလေးတွေပါကျွန်တော်တွေ့ခဲ့ပါတယ် ။
ဘာလုပ်ကြတာလည်းမေးတော့ ဆန်အပါအ၀င် အခြားစားသောက်ကုန်ပစ္စည်းတွေသယ်ရအောင် သွားမလို့လို့ပြောပါတယ် ။
မြို့မှာဆိုရင်တော့ ကူလီထမ်းဖို့ပေါ့ ။ နောက်မှ မေးကြည့်တော့ ကလေးတွေက ဆန်တစ်စိတ်ကို ၅၀ ကျပ် ရတယ်လို့ပြောပါတယ်။
ဒီလိုနဲ့ ရွာကိုရောက်တော့ ဘယ်မှာ နေရမယ်မှန်းမသိတော့ ကျောင်းကို တန်းသွားတာပေါ့ ။
ကျောင်းရောက်တော့ ကျွန်တော် အတော်စိတ်မကောင်းဖြစ်သွားမိပါတယ် ဆရာမရယ် ။
ကလေးတွေက ကျွန်တော်ငယ်ငယ်ကထက် အကြောင်းဆိုးကြပါတယ် ဆရာမ ရယ် ။
( ဆက်ရန် )

Jul 30, 2010

မူလတန်းကျောင်းသို့ လေ့လာရေးတစ်ခေါက်

( ၂၀.၅. ၂၀၁၀ ) ကြာသပတေးနေ့က အိုခယာမတက္ကသိုလ် ၊ လေ့ကျင့်ရေး မူလတန်းကျောင်း သို့ Observation လုပ်ရန် သွားရောက်ခဲ့ပါတယ် ။

သိပ္ပံသင်ကြားမှုလက်တွေ့ခန်းကိုသွားရောက်ပြီး သိပ္ပံသင်ပြမှုများကိုလေ့လာနိုင်စေရန် ဆရာတာနကနှင့်မိတ်ဆက်ပေး ပါတယ် ။


သိပ္ပံလက်တွေ့သင်ကြားမှုကို ၈း၄၅ နာရီမှာ စတင်ပါတယ် ။
သင်ခန်းစာမှာ အပင်၏ကြီးထွားမှုအကြောင်းဖြစ်ပါတယ် ။
မသင်ကြားမှီ ဆရာရဲ့ ပြင်ဆင်ထားမှုများကို ပြောပြချင်ပါတယ် ။
မျိုးစေ့အချို့ကို ရေစိမ်ထားပါတယ် ။ အတော်အသင့် ကြီးထွားပြီးဖြစ်သော အပင်များကို စုဆောင်းထားပြီးဖြစ်ပါတယ် ။
သစ်ဆွေးဖြင့်ပြုလုပ်ထားသောမြေသြဇာ များ ၊ ရိုးရိုးရေဇလုံ ၊ ဓါတ်မြေသြဇာ ဖျော်ထားသောရေဇလုံ ၊ ဗူးခွံများ ၊ ဖာ့တုံးများ ၊ စသည်တို့ကို ဆရာမှ အဆင်သင့် စုဆောင်းထားပြီးဖြစ်ပါတယ် ။


ဆရာရဲ့စာသင်ပြမှုအပိုင်းကိုလည်း အနည်းငယ်ပြောပြချင်ပါတယ် ။
ကျောင်းသားကျောင်းသူများက ၄ ယောက်တစ်အုပ်စုစီဖြင့် ၈ အုပ်စုက သက်ဆိုင်ရာ စားပွဲများမှာ နေရာယူကြပါတယ် ။
အားလုံးအပြန်အလှန်နှုတ်ခွန်းဆက်ကြပြီးနောက် သင်ခန်းစာစတင်ပါတယ် ။
ဆရာက မေးခွန်းတစ်ခုကို မေးလိုက်ပါတယ် ။
အပင်ကြီးထွားမှုအတွက် လိုအပ်သောအချက်အလက်များ က ဘာလဲ ။
အားလုံးက သူ့ထက်ငါ အပြိုင်အဆိုင် ဆွေးနွေးကြတာကို တွေ့ရပါတယ် ။
တစ်ဦးက ဆွေးနွေးဖြေဆိုပြီးတိုင်း အားလုံးက လက်ခုပ်တီး၍ချီးမြှောက်သြဘာပေးပါတယ် ။
၎င်းမှာ သင်ပြီးခဲ့သော သင်ခန်းစာနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ခြင်းသာမက ယခုသင်ကြားမည့်သင်ခန်းစာကို မိတ်ဆက်ခြင်း Introduction လုပ်ခြင်းလည်းဖြစ်ပါသည်။
Revision ပြီးသောအခါ သင်ခန်းစာအသစ်စတင်ရန် ဆရာက worksheet များအား ဝေပေးပါသည် ။
သင်ခန်းစာသင်ကြားချိန်မှာ ကျောင်းသားကျောင်းသူများက ပုံနှိပ်စာအုပ်များကို လုံးဝ ကြည့်ရှုကြခြင်းမရှိပါဘူး ။

စာပွဲပေါ်တွင် worksheet များကိုသာ ထားရှိပါသည် ။ဆရာ က board ပေါ်တွင် မေးခွန်းတစ်ခုကို ရေးတင်လိုက်ပါသည် ။
“အပင်ကြီးထွားဖို့ ဘယ်လိုအခြေအနေတွေလိုအပ်ပါသလဲ” ဆိုတဲ့ အဆိုကို ဆရာက ရေးလိုက်ပါသည် ။ ကလေးများက သတ်မှန်ချိန်အတွင်း အုပ်စုလိုက်ဆွေးနွေးကြပါသည် ။
ပေးထားတဲ့ အချိန် ( ၁၀ မိနစ် ) အတွင်းမှာ အုပ်စုတွင်း အပြန်အလှန်ဆွေးနွေးကြပါတယ် ။
ခေါင်းစဉ်တစ်ခုချင်းစီအတွက် worksheet အတွင်းမှာပင် individual prediction တွေကို ချရေးကြပါတယ် ။
သတ်မှန်ချိန်ပြည့်သောအခါ အုပ်စုတစ်ခုချင်းစီရဲ့ ကိုယ်စားလှယ်တစ်ဦးစီက မိမိတို့ရရှိထားသော အချက်အလက်များကို တင်ပြဆွေးနွေးကြပါတယ် ။
ဆရာက ဆွေးနွေးဖြေကြားမှုများကို boardပေါ်မှာမှတ်တမ်းတင်ရေးသားပါတယ် ။

အချို့အချက်များကိုဆရာနဲ့ ကျောင်းသားများက အပြန်အလှန်အခြေအတင်ဆွေးနွေးကြတာကိုလည်းတွေ့ခဲ့ရပါတယ် ။
အလွန် အတုယူဖို့ကောင်းတဲ့ အချက်တစ်ချက်ဖြစ်ပါတယ် ။
ထို့နောက် မေးခွန်းနောက်တစ်ခုကို ဆရာက ရေးတင်လိုက်ပြန်ပါတယ် ။
“အရွက်များ အစိမ်းရောင်ရှိခြင်းရဲ့အကြောင်းရင်း ” ဖြစ်ပါတယ် ။
ကလေးများက ဆွေးနွေးအဖြေရှာကြပြန်ပါတယ် ။
ထိုအကြောင်းရင်းနှင့်ပတ်သက်ဆွေးနွေးပြီးသည့်နောက် နောက်သင်ခန်းစာအတွက် ဆွေးနွေးညှိနှိုင်းကြပါတယ် ။
“အပင်ကြီးထွားလာသောအခါပြောင်းလဲလာသောအခြေအနေများ ” ဆိုတဲ့ ခေါင်းစဉ်ကိုဆွေးနွေးကြပါတယ် ။
ထို့နောက် အပင်ကြီးထွားရန်လိုအပ်သော အရာများ နှင့် အပင်ကြီးထွားလာသောအခါ ပြောင်းလဲလာသောအခြေအနေများ ကို ကလေးများကိုယ်တိုင် investigate လုပ်ရန်ဖြစ်ပါတယ် ။မိမိတို့ကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ခွင့်ရှိပါတယ် ။
ပထမတစ်ချိန်ကုန်သွားသောအခါ break time ပေးပါတယ် ။ ၁၀ မိနစ် ။
ဒုတိယအချိန်စတင်သောအခါ ဆရာက လုပ်ဆောင်ရမည့် အချက်အလက်များကို ရှင်းလင်းခြင်း နှင့် မြေဆီလွှာ၏ အရေးပါပုံ ၊ ဓါတ်မြေသြဇာလိုအပ်ချက် စသည်တို့ကို ဆွေးနွေးပါတယ် ။ ထို့နောက်မိမိတို့ ရွေးချယ်ထားသော အကြောင်းအရာအလိုက် သက်ဆိုင်ရာ လက်တွေ့လုပ်ဆောင်မှုများကို ဆောင်ရွက်ကြပါတယ် ။


ဒီနေရာတွင် မှတ်သားခဲ့ရသည်မှာ ဆရာက အချိန်ကို တိကျစွာ အသုံးချသင်ကြားသွားခြင်း ဖြစ်ပါတယ် ။
နောက်တစ်ချက် က ကျောင်းသားကျောင်းသူများရော ဆရာပါ စိတ်ပါဝင်စားစွာ ဆွေးနွေးကြခြင်းဖြစ်ပါတယ် ။
ကျွန်တော် လေ့လာတွေ့ရှိခဲ့သည်များကို မိတ်ဆွေများအား မျှဝေခြင်းဖြစ်ပါသည် ။
အားလုံး ကိုယ်စိတ်နှစ်ဖျာကျန်းမာချမ်းသာကြပါစေ ။

Jul 25, 2010

ဝါဆိုလပြည့် ကျားမင်းနေ့

မနက်ဖြန် ၂၀၁၀ ခုနှစ် ၊ ဇူလိုင်လ ၊ ၂၆ ရက် ( တနင်္လာနေ့ )၊ မြန်မာသက္ကရာဇ် ၁၃၇၂ ခုနှစ် ၊ ဒုတိယ၀ါဆိုလပြည့်နေ့ ဟာ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်နေ့ထူးတစ်နေ့ ဖြစ်ပါတယ် ။
၁ ။ နတ်ဗြဟ္မာတို့ရဲ့ တောင်းပန်မှုကြောင့် အလောင်းတော်သေတကေတုနတ်သားဟာ နတ်အဖြစ်မှ စုတေတော်မူကာ ကပိလ၀တ်ပြည့်ရှင် သုဒ္ဓေါဒနမင်းမြတ်၏ အဂ္ဂမဟေသီတောင်ညာစံဒေ၀ီဖြစ်တော်မူသော မယ်တော်မာယာရဲ့ဝမ်းကြာတိုက်တွင် ပဋိသန္ဓေယူတော်မူ သောနေ့ဖြစ်ဖြစ်ပါတယ် ။
၂ ။ သက်တော် ၁၆ နှစ်မှ စတင်ကာ ကပိလ၀တ်ထီးနန်းစည်းစိမ်ကို ၁၃ နှစ်ကြာ စံစားပျော်ပါး၍ သက်တော် ၂၉နှစ် အရွယ်တွင် နတ်ဗြဟ္မာတို့၏ ဖန်ဆင်းမှုဖြင့် သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီးလေးပါး မြင်တော်မူပြီးနောက် တောထွက်တော်မူသောနေ့လည်း ဖြစ်ပါတယ် ။
၃ ။ ဘုရားဖြစ်တော်မူပြီးနောက် မိဂဒါဝုန်တောတွင် ကောဏ္ဍညအမှူးပြုတဲ့ ပဉ္စ၀ဂ္ဂီငါးဦးအား တရားဦးဟောတော်မူသော နေ့ထူးနေ့မြတ် လည်းဖြစ်ပါတယ် ။
မနက်ဖြန်ကျရောက်တော်မူသော ၀ါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ အယူအရ တနင်္လာနေ့ဖြစ်သည်နှင့်အညီ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား တောထွက်တော်မူသောနေ့အဖြစ် မှတ်ယူနိုင်ပါတယ် ။ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီးက ခုနှစ်နေ့ဘုရားရှိခိုးတွင် -
- ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊ ဆယ့်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍ ၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ညင်ညို ၊ သံဝေပိုက ၊ ၀ါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ၊ ချမ်းမြေ့ရဂုံ ၊ တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ် ၊ ခန်းမှာကိုး ။ ။
ဟု ရေးစပ်သီကုံးတော် မူခဲ့ပါတယ် ။
ဗုဒ္ဓဘာသာဝင်များက ၀ါဆိုဝါကပ်တော်မူမည့် ရဟန်းသံဃာတော် အရှင်သူမြတ်များအား ရည်မျှော်မှန်း၍ ၀ါဆိုသင်္ကန်းတော်များ ဆက်ကပ်လှူဒါန်းတော်မူကြသည့် အချိန်ခါသမယ နေ့ထူးနေ့မြတ်ဖြစ်သည်နှင့်အညီ မုဒိတာတရားစိတ်ဝယ်ထားကာ သာဓု အနု မောဒနာ ခေါ်ဆိုထိုက်လှပါပေတယ် ။
မိတ်ဆွေအပေါင်းတို့ သိပြီးဖြစ်ပေမယ့် ဒီပို့စ်လေးကိုဖတ်မိတဲ့အခိုက် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်အား ပူဇော်ဦးခိုက်နိုင်ပါရန် ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး၏ ဗုဒ္ဓနေ့ ခုနှစ်နေ့ဘုရားရှိခိုးအား ရေးသားဖေါ်ပြလိုက်ရပါတယ် ။
၁ ။ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ သောင်းခွင်စကြာဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ၊ ရတုနဂိုရ် ၊ ရွှန်းရွှန်းစိုသည် ၊ ၀ါဆိုလပြည့် ၊ ကြွက်မင်းနေ့ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ ၊ သန္ဓေယူသည် ၊ နတ်လူငြိမ်းဖို့ ၊ ကိန်းပါကိုး ။ ။
၂ ။ သန္ဓေယူကာ ၊ ဆယ်လကြာသော် ၊ မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်ကြုံ ၊ ကဆုန်လပြည့် ၊ သောကြာနေ့ဝယ် ၊ ချမ်းမြေ့စုံစီ ၊ လုံဗနီ၌ ၊ မဟီလှိုက်ဆူ ၊ ဖွားတော်မူသည် ၊ နတ်လူအောင်မြို့ ၊ လမ်းပါကို ။ ။
၃ ။ ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊ ဆယ့်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍ ၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ညင်ညို ၊ သံဝေပိုက ၊ ၀ါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ၊ ချမ်းမြေ့ရဂုံ ၊ တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ် ၊ ခန်းမှာကို ။ ။
၎ ။ တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်၍ ၊ ခါတော်တစ်ဖုံ ၊ ပွင့်ချိန်ကြုံက ၊ ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဗွေထက် ၊ ရွှေညောင်တော်ကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊ နေတော်မူလျက် ၊ ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အလျဉ်းပယ်ဖျောက် ၊ အလင်းပေါက်က ၊ ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဖေါ်လူတို့ ၊ ငြမ်းပါကို ။ ။
၅ ။ ဘုရားဖြစ်ခါ ၊ မိဂဒါသို့ ၊ စကြာရွှေဖွား ၊ ဖြန့်ချိသွား၍ ၊ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် ၊ မဟီတစ်သောင်း ၊ တိုက်အပေါင်းမှ ၊ ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား ၊ ၀ါဆိုလပြည့် ၊ စနေနေ့ဝယ် ၊ ကြွေ့ကြွေ့လျှံတက် ၊ ဓမ္မစက်ကို ၊ မိန့်မြွက်ထွေပြား ၊ ဟောဖေါ်ကြားသည် ၊ တရားနတ်စည် ၊ ရွမ်းတယ်ကို ။ ။
၆ ။ တရားနတ်စည် ၊ ဆော်ရွမ်းလည်က ၊ သုံးမည်ဘုံထိုက် ၊ တစ်သောင်းတိုက်ဝယ် ၊ ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ ၊ သတ္တ၀ါကို ၊ ခေမာသောင်သို့ ၊ ဖေါင်ကူးတို့ဖြင့် ၊ ဆောင်ပို့ပြီးခါ ၊ ၀ါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် ၊ စုံပြည့်ကြွယ်က ၊ ရာလေးဆယ့်ရှစ် ၊ သက္ကရာဇ်ဝယ် ၊ နယ်မလ္လာတိုင်း ၊ စံနှိုင်းမယုတ် ၊ ကုသိနာရုံ ၊ အင်ကြင်းစုံ၌ ၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ၊ ချမ်းမြေ့နိဗ္ဗူ ၊ စံတော်မူသည် ၊ ၀ှန်းဆူသောင်းလုံး ၊ ကျော်တယ်ကို ။ ။
၇ ။ နိဗ္ဗူစံပြီ ၊ ရှုမအီသာ ၊ သိဂီ င်္ရွှေလှော် ၊ အလောင်းတော်ကို ၊ ထိုရော်ကဆုန် ၊ လဆုတ်ကြုံ၍ ၊ ဂဠုံနေ့ဝယ် ၊ ခိုးငွေ့မနော ၊ ဓါတ်တေဇောလျှင် ၊ ရှင်စောညဏ်စက် ၊ ဓိဋ္ဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် ၊ မီးပူဇော်သည် ၊ မွေတော်ရှစ်စိတ် ၊ ကြွင်းတယ်ကို ။ ။
၈ ။ ထိုခုနှစ်နေ့ ၊ သာချမ်းမြေ့ကို ၊ စွေ့စွေ့ကြည်ဖြူ ၊ အာရုံယူလျက် ၊ သုံးလူတို့နတ် ၊ မြတ်ထက်မြတ်ဖျား ၊ ကိုယ်တော်ဘုရားကို ၊ သုံးပါးမှန်စွာ ၊ ၀န္ဒာဖြင့် ၊ သဒ္ဒါဖြိုးဖြိုး ၊ ကျွန်ရှစ်ခိုးသည် ၊ ကောင်းကျိုးခတ်သိမ်း ၊ ကြွယ်စေသောဝ် ။ ။
အောက်တွင်ပေးထားသော link သည် Burmeseclassic.com ဗုဒ္ဓ၀င်များမှ တောထွက်တော်မူခန်းဖြစ်ပါသည် ။
http://www.burmeseclassic.com/show2.php?id=&s=&tc=&FMfile=Buddhawin4.xml
အောက်ပါ video သည် ကဆုန်လပြည့်နေ့ကို အထူးပြုဟောကြားထားသော်လည်း ၀ါဆိုလပြည့်နေ့နှင့်သက်ဆိုင်သည်များကို လည်း နာယူပူဇော်နိုင်ပါသဖြင့် မျှဝေလိုက်ပါသည် ။

မှတ်ချက် ။ ။ တစ်စုံတစ်ရာ အမှားအယွင်းများပါခဲ့လျှင် ရေးသားသူ မိမိ၏ အမှားများသာဖြစ်ပါသည် ။

Jul 19, 2010

၁၉ ဂျူလိုင်

ဒီနေ့ မိုးလင်းကတည်းက နေသာနေတာ ။ အိုက်စပ်စပ်နဲ့ နေလို့မကောင်းဖြစ်နေတာ ။
မြန်မာစံတော်ချိန် ၁၀း ၃၀ နာရီ လောက် ရောက်တော့ ထူးထူးခြားခြား မိုးအုံ့နေပါတယ် ။
အပြင်ကို ထွက်ကြည့်မိပါသေးတယ် ။ တိမ်မည်းတို့ ညို့နေလေရဲ့ ။
နာရီဝက်လောက်ကြာတော့ တိမ်တွေ ပြယ်ပြီး နေ ပြန်ပွင့်လာပါတယ် ။
တစ်နေကုန်ပါပဲ ။ ပူလွန်းလို့ အပြင်ထွက်ရမှာ ကြောက်နေလေရဲ့ ..။
ဒါနဲ့ပဲ ကွန်ပျူတာရှေ့ထိုင်ပြီး စာထိုင်လုပ်နေပါတယ် ။ report ရေးနေတာပါ ။
နည်းနည်းလေးကြာတော့ ညောင်းလာတာနဲ့ ခဏနား ၊ လမ်းထလျှောက် ၊ ပြန်ထိုင်ပြီးတော့ သတင်းလေးတွေလိုက်ဖတ်နေမိပါတယ် ။
ဆရာ ဒဂုန်တာရာရဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်မိတော့ မျက်ရည် ၀ဲလာပါတယ် ။
တော်တော်လေး စိတ်ထိခိုက်ခံစားပြီး နှမြောတသ လွမ်းဆွတ်နေမိပါတယ် ။
ဆောင်းပါးထဲက အကြောင်းအရာလေးတွေကလည်း တိုက်တိုက်ဆိုင်ဆိုင် ဒီအချိန်ပါပဲ ။
မြန်မာစံတော်ချိန် ၁၀း ၃၀ နာရီ ။ မိုးတွေ ရွာနေတဲ့အချိန်ပါပဲ ။
ဆောင်းပါးရှင် က ကိုယ်တွေ့ဖြစ်ရပ်လေးကို စိတ်လှုပ်ရှားစွာ ရေးသားထားပါတယ် ။
ကျွန်တော်လည်း ဖတ်နေရင်း သူတို့တွေလို ခံစားနေမိပါတယ် ။
“လုပ်ရက်လေခြင်း” ၊ “အလွန်ကို ခြောက်ခြားဖွယ်သတင်းဆိုးပါလား” ၊ “ဘာမှမဖြစ်ပါစေနဲ့” ၊ “တောက် လူမဆန်လိုက်ကြတာကွာ” ၊ “အားကီး ရက်စက်တာပဲ” ၊ “ ဖြစ်မှ ဖြစ်ရလေ ၊ ဖြစ်မှ ဖြစ်ရလေ ” ဆိုတဲ့ အာမေဍိတ်သံတွေ ၊ နှမြောတသသံတွေ က ရင်ကိုနင့်သွားစေပါတယ် ။
ဆရာဇော်ဂျီရဲ့ “အမျိုးသားပျက်စီးခြင်းတစ်ရပ်ပဲ” ၊ “လူတွေဟာ မပြောရက်ကြဘူး” ဆိုတဲ့ နှမြောတသစွာ ပြောတဲ့ အသံလေးကလည်း ကိုယ့်ရှေ့မှာပြောနေသလို တကယ့်ကို မချိစရာပါပဲ ။
ဆောင်းပါးလေးရဲ့ ခေါင်းစဉ်က “ဦးအောင်ဆန်းရဲ့ နောက်ဆုံးနေ့” တဲ့လေ ။
သြော်... ဒီနေ့က ကျွန်တော်တို့ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးသွားခဲ့ရတဲ့ ၁၉ ဂျူလိုင် ၊ “အာဇာနည်နေ့”ပေါ့ ။ ၆၃ နှစ်တောင် ရှိခဲ့ပါပြီကော ။
ဒါနဲ့ ကျွန်တော်လည်း ၀မ်းနည်းစွာနဲ့ သီချင်းလေးတစ်ပုဒ်ကို ဖွင့်ပြီးနားထောင်နေမိပါတယ် ။
မိတ်ဆွေတို့လဲ နားဆင်ခံစားကြည့်ကြပါဦး ။



မှတ်ချက် ။ ။ အာဇာနည်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၊ဗိုလ်ချုပ်နဲ့အာဇာနည်ခေါင်းဆောင်ကြီးများအား အမှတ်ရသောအားဖြင့်သာ
ရေးသားခြင်းဖြစ်ပါသည် ။

Jul 18, 2010

ဧရာဝတီ

ငယ်စဉ်ကတည်းက နှစ်သက်ရင်းနှီးခဲ့တဲ့ ဒီသီချင်းလေးကို နားထောင်ရင်း ဧရာဝတီနဲ့ကျွန်တော်ရဲ့ဆက်နွယ်ရင်းနှီးခဲ့ရပုံလေးတွေကို ပြန်လည် မြင်ယောင်နေမိပါတယ် ။
မြန်မာ နဲ့ ဧရာဝတီဟာ ခွဲခြားမရပါဘူး ။
မြန်မာတိုင်း ဧရာဝတီကို သိသလို ၊ ဧရာဝတီဟာ အားလုံးရဲ့ကျေးဇူးရှင်ကြီး၊မိတ်ဆွေကြီး ဆိုတာ ငြင်းပယ်လို့မရဘူးလို့ထင်မိပါတယ် ။
ကျွန်တော် နေတဲ့နေရာက ဧရာဝတီနဲ့ ၄ မိုင်လောက် ဝေးပေမယ့် ဧရာဝတီနဲ့ မကင်းပါဘူး ။
ငယ်စဉ်ဘ၀တုန်းက ဧရာဝတီကို မှီခိုပြီး ၀မ်းရေးအတွက်ရှာဖွေခဲ့ရဖူးပါတယ် ။
ရခိုင်ရိုးမမှာ ၀ါးခုတ်ဝါးသယ် လုပ်ပြီး ထုံးဘိုမြို့ ဧရာဝတီမြစ်ကမ်းကို ပို့ပေးခဲ့ရပါတယ် ။
နောက်ပြီး ပြည်မှာ ကျောင်းတက်တော့လည်း ဧရာဝတီဟာ ကျွန်တော်တို့အတွက် မရှိမဖြစ်လိုအပ်ခဲ့တဲ့ transporter ကြီးဖြစ်လာပြန်ရောလေ ။
ဇာတိမြေက ရခိုင်ရိုးမတောင်ခြေက ဆိုတော့ ရခိုင်ရိုးမ နဲ့ ဧရာဝတီဟာ ကျွန်တော် တို့ရဲ့ ကျေးဇူးရှင်ပါ ။
ဆည်းဆာချိန် ရိုးမအလှလေးတွေကို ခံစားရင်း ကဗျာလေးတွေ ရေးဖြစ်ခဲ့ဖူးသလို ရိုးမပေါ်ကနေ လှမ်းမြင်ရတဲ့ ဧရာဝတီရဲ့အလှကို ကြည်နူးစွာခံစားခဲ့ဖူးပါတယ် ။
သြော်... အားလုံးဟာ လွမ်းစရာချည်းပါပဲ ...။
ဧရာဝတီနဲ့နီးစပ်သူများ ၊ ဧရာဝတီကို ချစ်ကြသူများ နဲ့ အားလုံးသောမိတ်ဆွေများလည်း ခံစားနားဆင်ကြည့်ကြပါနော် ။

Jul 11, 2010

ကျွန်တော် မှတ်မိနေသော စကားလေးများ ( ၂ )

ဖတ်ခဲ့ဘူးတဲ့ စာအုပ်တွေကို သေသေချာချာမှတ်မထားမိပေမယ့် အဲဒီစာအုပ်တွေထဲမှာ ပါတဲ့ အကြောင်းအရာလေးတွေတော့ မှတ်မိနေတတ်ပါတယ် ။
ကျွန်တော့်စိတ်က ပျော့တယ်လို့ပြောရမလားမသိပါ ။ သူတစ်ပါးက ကိုယ့်ကို တစ်ခုခု ( အပြစ် (သို့) ကိုယ်မကြိုက်တာ ) ပြောလိုက်ရင် တွေးပြီး စိတ်မကောင်းဖြစ်နေတတ်ပါတယ် ။ ဒါမှ မဟုတ်လဲ ဒေါသထွက်နေတတ်ပါတယ် ။ ဒေါသထွက်တာဟာလည်း စိတ်ပျော့လို့လို့ထင်ပါတယ် ။
တစ်နေ့ ကျွန်တော် စာအုပ်တစ်အုပ်ဖတ်မိတော့ ကျွန်တော့်စိတ်ကလေး ထားတတ်သွားပါတယ် ။(ကိုယ့်ကိုယ်ကို အမွှန်းတင်ခြင်းမဟုတ်ပါ )။ သူတစ်ပါးကို အပြစ်လဲမမြင်တော့ပါ ။ ဒေါသလည်းမထွက်တော့ပါ ။
အဲဒီ စာအုပ်ထဲမှာ ပါတဲ့ စာသားလေးက ကျွန်တော့်ကို ဆုံးမလိုက်ပါတယ် ။
“ သူမှ ကိုယ်မဟုတ်ပဲ ” ဆိုတဲ့စာသားလေးဖြစ်ပါတယ် ။
“ သူတစ်ပါးကို အပြစ်မြင်တော့မည် ၊ ဒေါသဖြစ်တော့မည် ဆိုလျှင် သူ့နေရာကို ကိုယ်က ၀င်ရောက်ခံစားကြည့်ပါ ။ ကိုယ်ချင်းစာစိတ်ထားပါ ။ ” လို့ ပြောထားပါတယ် ။
တစ်ပါးသူများသည် မိမိနှင့် အသိ ၊ ဉာဏ် ၊ တွေးခေါ်ပုံ ၊ ပတ်ဝန်းကျင် စတာတွေ ကွာခြားမှုကြောင့် သူ့ဘက်မှ သူ့အမြင်နဲ့ပြောတတ် ၊ ပြုမူတတ်ပါတယ် ။ သူ့နေရာမှာ မိမိသာဆိုလျှင် ထိုသို့ပြောမည် ၊ ပြုမူမည် မဟုတ်ပါ လို့ ကိုယ်ချင်းစာစိတ်မွေးဖို့ပြောထားပါတယ် ။ ဒါကို ဘယ်လို အကောင်းဆုံးပြေလည်အောင် ပြန်လည်ချေပ ဖြေရှင်းသင့်လဲ ဆိုတာကို သေချာတွေးတော အဖြေရှာရမှာ ဖြစ်ပါတယ် ။
လုပ်ငန်းခွင်ထဲတွင်လည်း ၊ ပတ်ဝန်းကျင်ထဲမှာ မကြာခဏ ပြဿနာများကြုံခဲ့ရပေမယ့် ထိုဆုံးမစကားလေးကြောင့် ပြေပြေလည်လည် ဖြေရှင်းအောင်မြင်ခဲ့ရပါတယ် ။
ဆရာတော်ဦးဇောတိကလား ၊ အရှင်ဆန္ဒာဓိကလားသေချာမသိတော့ပါ ။ ( စာဖတ်သူများ ခွင့်လွှတ်စေချင်ပါသည် ။ နောက်နောင် စာအုပ်များ ဖတ်လျှင် သေချာမှတ်ထားပါမည် ။ )