Mar 3, 2013

ဆွေးနွေးပွဲက အတွေ့အကြုံ

ဒီကနေ့ ဆွေးနွေးပွဲရှိလို့ ပြောကြဆိုကြ ဆွေးနွေးကြရင်း ဆရာကြီးတစ်ဦးက ဆောင်းပါးတစ်စောင်ဖတ်ပြတယ်။ ဂျာနယ်က ပယ်လိုက်တာတဲ့ ။ ဒါကို ဆရာကြီးတစ်ယောက်က ဖတ်ပြတယ် ။ အသံနေအသံထားနဲ့ ။ စာဖတ်ကောင်းလို့လားမသိဘူး ။ နားထောင်နေရင်း ကြက်သီးတောင်ထမိတယ် ။ အမှန်တွေချည်းပြောနေလို့လေ။ ဒါနဲ့ သူများတွေကိုလည်း မျှဝေခံစားရအောင် ဆိုပီး တောင်းလာခဲ့တာပေါ့ ။ blog မှာ စာမရေးဖြစ်တာ ကြာပြီဆိုတော့ ရေးချင်နေတာနဲ့ သူရေးထားတဲ့အတိုင်း ရေးလိုက်ပါတယ်။ ခေါင်းစဉ်လေးက နောက်ဘ၀ရှိရင် နောက်ထပ်ဖြစ်ချင်တယ် တဲ့လေ။ နောက်ဘ၀ရှိရင် နောက်ထပ်ဖြစ်ချင်တယ် ကျွန်တော်ဟာ လုပ်သက် ( ၄၀ ) နဲ့ ပင်စင်ယူခဲ့တဲ့ ကျောင်းဆရာပါ။ လုပ်သက်တစ်လျှောက်လုံး ဘယ်သူမေးမေး ကျောင်းဆရာလို့ အားရှိပါးရှိ ပြောရတာ သိပ်သဘောကျပါတယ်။ ၀င်ငွေနဲ့တိုင်းပြီး ဆက်ဆံတတ်တဲ့ ၀န်းကျင် ၊ ရာထူးကြည့်ပြီး ဆေးဖော်ကြောဖက် မလုပ်လိုတဲ့ သူတွေကြားမှာတောင် ကျုပ်က မူလတန်းကျောင်းအုပ်ပါလို့ မြိန်မြိန်ရှက်ရှက် ပြောခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတယ်။ ဘယ်တော့မှ အားမငယ်ဘူး။ စိတ်ဓါတ်မကျဘူး။ ခုတလောတော့ဗျာ ဟိုသူကပြောလိုက် ဒီသူကရေးလိုက် အများရဲ့ တံတွေးခွက်မှာ ကျုပ်တို့ကျောင်းဆရာတွေ ပက်လက်မျောခဲ့ရတာ တွေ့တော့ အတော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ လိပ်ဆိုရင် ခေါင်းမပြူဝံ့တာ ဒါလားတွေးမိပါတယ်။ ပင်စင်ယူခဲ့ပြီးပြီမို့ ကျုပ်နဲ့ မဆိုင်တော့ဘူးရယ်လို့ အခြားသူတွေကို လက်ညှိုးထိုး လွှဲချဖို့လဲ စိတ်မကူးပါဘူး ။ ကိုယ်လွတ်ရုန်းတဲ့အထဲမှာ မပါချင်ပါဘူး။ မြန်မာ့ပညာရေး ဒီအခြေအနေအထိ ကျဆင်းစေခဲ့တဲ့ သူတွေထဲမှာ ကျုပ်လဲ တစ်စိတ်တစ်ပိုင်းပါခဲ့တယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့် ကျောင်းဆရာတွေကြောင့်ချည်းပဲလားလို့ မေးပါရစေ။ ထောက်ပြနေတဲ့ ပြစ်ချက်တွေကို ပြန်ကြည့်ရင် ကျူရှင်ပြတယ် ၊ ဂိုက်လုပ်တယ် ၊ ပစ္စည်း ၊ ငွေကြေးလာဘ် ယူတယ်လို့ ၀ါးလုံးရှည်နဲ့ ရမ်းတာ အများဆုံးတွေ့ရပါတယ်။ ဒါဆိုရင် ကျောင်းဆရာ ထုရဲ့ ရာနှုန်းဘယ်လောက်ရှိသလဲ။ ထုထည်အားဖြင့် ဘယ်လောက်များလဲ ။ ဒီမယ် ကျုပ်တို့တောမှာ စာနောက်ကျလို့ ညနေစောင်းထိ အချိန်ပို သင်မိရင်တောင် နွားရေတိုက်စရာရှိလို့ ပြန်ပါရစေ လို့ ပြောတဲ့ကလေးတွေ ၊ ကျောင်းဝကနေ ခုထိမပြီးသေးဘူးလား လို့ လာအော်တဲ့ မိဘတွေကြားမှာ ကျူရှင်ဆိုတာကြီးကို လုပ်ချင်လဲ လုပ်လို့မရကြောင်း ခင်ဗျားတို့ အသိပါဗျာ။ ပါတိတ်ဝမ်းဆက် နေနေသာသာ သူတို့ကိုယ်တိုင် တစ်ထည်စိုလို့ တစ်ထည်လဲစရာမရှိ ဓားမိုးတောင်းရင်တောင် ဆန်ဖြူဖြူ တစ်ခွက် ထွက်ပုံမပေါ် ဆိုတာမျိုး ကြားဖူးမှာပါ။ ကျေးလက်တောရွာတွေရဲ့ ထရံအစုတ် ကြမ်းအပေါက်နဲ့ ကျောင်းလေးတွေထဲမှာ ထမင်းထုပ်ပါမလာတဲ့ ကလေးကို ကိုယ့်ထမင်းချိုင့်တစ်ဝက်ခွဲကျွေးပြီး တစ်နေ့ရေလုံးသောက် စာသင်နေတဲ့ ဆရာတွေ ရှိသေးတယ်ဆိုတာ လက်ဆွဲပြချင်ပါတယ်။ မိမိအသက်နဲ့ ဗိုက်ထဲက ကလေးရဲ့ အသက်ကို မငဲ့ဘဲ ရေထဲပါသွားတဲ့ ကလေးနှစ်ဦးကို ရေကူးပြီး လိုက်ဆယ်တဲ့ ဒေါ်စိန်ဌေးလို ဆရာမမျိုး ၊သင်္ဘောနစ်လို့ ဘေးလွတ်ရာကူးရင်း ကယ်မယ့်လှေတွေ့ပေမယ့် တပည့်လေးနှစ်ဦးပါမလာလို့ ရေပြင်ထဲပြန်ရှာရာက ရေနစ်သေခဲ့ရတဲ့ ဆရာမမျိုးတွေ ရှိခဲ့ဘူးပါတယ်။ ကျုပ်တို့ကိုယ်တိုင် ရေနစ်နေတဲ့သူတွေပါဗျာ ။ ၀ါးကူလို့ မထိုးကြပါနဲ့ ။ ခင်ဗျားတို့ပြောနေတာတွေကို မဟုတ်ဘူးလို့ ငြင်းနေတာ မဟုတ်ဘူးနော်။ ကျေရာကျေကြောင်း တောင်းပန်တာလဲ မဟုတ်ဘူး။ လေပြည်ထိုးတာလည်း မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ စေတနာကိုလည်း နားလည်ပါတယ်။ မှားနေပြီဆိုတာလဲ နှစ်အတော်ကြာကတည်းက သတိထားခဲ့မိပါတယ်။ ခင်ဗျားတို့က ပညာတတ်ကြီးတွေပါဗျာ။ ကျုပ်တို့ထက် ပိုသိပါတယ်။ အမှားကြုံခဲ့ဖူးမှားပါ။ အဲဒီတော့ ကျုပ်တို့ကို ပြုပြင်နိုင်တဲ့ လမ်းကြောင်းပေါ်တင်ပေးပါ။ ခုတော့ ကံကွက်ကြားပြီး ငမိုက်သား မုဆိုးလေး နင်ချည်းပဲ သေပေတော့လို့ ပြောတာကတော့ အများပြည်သူ ကြားလို့မှမတော်ပါ။ အပြုအမူတို့ရဲ့ နောက်ကွယ်မှာ အကြောင်းရင်းခံ ရှိပါတယ်။ ကျုပ်တို့ကို အခြေအနေတစ်ခုကတွန်းပို့ခဲ့ကြတယ်။ ခုတစ်မျိုးတော်ကြာတစ်မျိုး ပေါ်လစီ မူဝါဒတွေကြောင့် မလုပ်တတ် မကိုင်တတ်ဖြစ်ခဲ့ရတယ်။ အမိန့်တွေ အမိန့်တွေ ပေးလိုက်ကြတာ မိမိရဲ့ တာဝန်သာဖြစ်သည်ဆိုတာက တစ်မျိုး ၊ မလုပ်ချင်နေ ထွက်သွားကြ ၊ လုပ်ချင်တဲ့သူတွေ တန်းစီနေတယ်လို့ ခြိမ်းခြောက်လို ခြိမ်းခြောက် ၊ ဘုရားခန်းက အရေးကြီးတယ်ဆို ဘုရားခန်း ၊ စံကွက်ရိတ်ရမယ်ဆိုလဲ ရိတ် ၊ သောကြာနေ့ တစ်ကျောင်းလုံး အင်္ဂလိပ်လို ပြောရမယ်ဆိုလဲ ပြော ၊ ဗုံးခိုကျင်းတူးရမယ်ဆိုလဲ တူး ၊ ကင်းစောင့်ရမယ်ဆိုလဲ စောင့် ၊ ကြက်ဆူဆို ကြက်ဆူ ၊ လူထုစည်းဝေးပွဲ တက်ရမယ်ဆိုလဲ တက် ၊ လူကြီးကြိုရမယ်ဆိုလဲ ထမင်းအငတ်ခံ ကြို ။ ဒါတောင် နှစ်သိမ့်စကားပြောဖို့ မပြောနဲ့ အနန္တောအနန္ဒလေးပါးပဲ ရှိတော့တယ်လို့ အဆုံးစွန်ထိ ပစ်ချတာ ကျုပ်တို့ ကျောင်းဆရာတွေ နေရာပျောက်ခဲ့ရပါတယ်ဗျာ။ A တွေ ၊ B တွေ ၊ G တွေ ပေးတဲ့ စစ်ဆေးရေး အဖွဲ့တွေ ခေတ်စားလာတော့ ကျုပ်တို့မှာ သိက္ခာဆိုတာ မကပ်တော့ပါဘူး။ ကျောင်းရှေ့ကားရောက်တယ်ဆိုရင်ပဲ ဆရာကြီးက ထီးမိုး ၊ ဆရာ ဆရာမတွေက အိတ်ဆွဲ ၊ နောက်ကျရင် မျက်မာန်တော်အရှခံ ရတတ်ပါတယ်။ ကျောင်းသားတွေက ပြုံးစိစိ ။ အချဉ်ထုပ် စားရင်း ပြသမျှစာရင်းတွေကို ခေါင်းခါနေတဲ့ ကြီးကြပ်ကလေးရဲ့ရှေ့မှာ ယုန်သူငယ်ဆရာအိုကြီး ချွေးဒီးဒီးကျခဲ့ဖူးတာ ၊ အပြန်ကို စာအိတ်တွေထည့်ပေးနိုင်ဖို့ ရွာထဲသွား အဆွဲခိုင်းရင်း ရင်ပူခဲ့ရတာ ခုထိ အမှတ်ရတုန်းပါ။ ဈေးကွက်စီးပွားရေးလို့ အော်လာတော့ ထွေ/လုပ်ကြေးက ၅ ပုံးအောက်မှာ မရှိ။ DTEC ကြေးက ၁၂ သိန်း။ အဲဒီ ဆရာဆရာမလေးတွေကို သူတို့ဒေသနဲ့ ဝေးတဲ့နေရာဒေသမှာခန့် ၊ ပြောင်းချင်ရင် ၆ ပုံး။ ဒါတောင်ရိုးရိုးမို့ ။ ရှယ် / အိမ်နားကကျောင်းဆိုရင် ထပ်ပေး။ အဲဒီကျောင်းမှာ ခွဲဝေထက် ၂ ဆ ပိုနေလဲ ကိစ္စမရှိ ။ VIP ဆိုပြီး ပို့လိုက်တာပါပဲ။ လယ်ထဲမှာသာ မအောင်မြင်ခဲ့တာ ။ ကျုပ်တို့ ပညာရေးလောကမှာတော့ ၂ သီးစား ၃ သီးစား တွေ သိပ်အောင်မြင်ခဲ့ပါတယ်။ အဲဒီ ဆရာမလေးတွေက ကုန်ငွေကို ဘယ်လိုရှာမလဲ။ တိတ်တိတ်ပုန်း ကျူရှင် ၊ ဂိုက် ၊ ၀ိုင်း ၊ မလုပ်သင့်တာ လုပ်ကြရော။ ကျုပ် အပြစ်တွေ ပြောနေတာ မဟုတ်ပါဘူးနော် ။ ဂျာအေးကို သူ့အမေရိုက်တဲ့ သံသရာ ဒီလို ဖြစ်ခဲ့ပါတယ်လို့ ပြောတာပါ။ အပြစ်တွေ ပြောလို့ ကောင်းလာကြမယ်ဆိုရင် အောက်ခြေကကျုပ်တို့ ကျောင်းဆရာတွေ စုပြီး အသံမစဲပွဲ ကျင်းပပေးလိုက်ချင်ပါတယ်။ ကျုပ်တို့ကို ပြုပြင်ခွင့် ပေးကြပါ။ ပညာရေးဆွေးနွေးပွဲတွေမှာ ပြောရေးဆိုခွင့်ပေးကြပါ။ လက်တွေ့ကျတဲ့နည်းလမ်းတွေ ချမှတ်နိုင်ဖို့ ကျုပ်တို့ရဲ့ အသံတွေကို နားထောင်စေချင်ပါတယ် ။ လယ်ယာကစ္စကို လယ်သမားထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ အလုပ်သမားကိစ္စကို အလုပ်သမားအသိဆုံးပါ။ အလားတူ ပညာရေးကိစ္စမှာလည်း လက်တွေ့သင်ကြားပေးနေတဲ့ ဆရာတွေ ၊ သင်ကြားခံနေတဲ့ ကျောင်းသားတွေထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ အခြေခံ အကျဆုံးဖြစ်တဲ့ မူလတန်းအဆင့် ဆွေးနွေးပွဲ သီးသန့်လုပ်ပေးကြပါ။ မူလတန်းဆရာတွေ စာတမ်းဖတ်ပါရစေ။ ထာဝရကျောင်းသားကြီးဖြစ်အောင် သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးကြပါ။ ပညာရေးကောလိပ်တွေမှာ သင်ခန်းစာတွေထက် ပညာရေးဒဿနတွေ သင်ပြနည်းတွေကို ပိုသင်ပေးကြပါ။ လက်တွေ့လေ့ကျင့်ရတဲ့ တန်းပြကိုလည်း လေ့ကျင့်ရေးကျောင်းတွေမှာ ပိုင်ပိုင်နိုင်နိုင် ကြီးကြီးကြပ်ကြပ် ဆင်းကြပါစေ။ မျက်နှာလွှဲ ခဲပစ် လုပ်မပစ်ကြပါနဲ့။ ကျောင်းဆရာဆိုတာ တိုက်မဆောက် ကားမစီးနိုင်မှန်း မလုပ်ခင်ကတည်းက သိကြပါတယ်။ ဒါပေမယ့် ဆန်အိုးထဲ ဆန်ရှိဖို့၊ ဆီအိုးထဲ ဆီရှိဖို့ တော့ ဖြည့်ပေးကြပါ။ ကျုပ်တို့ သားသမီးတွေရဲ့ ဟင်းဖိုးထဲကတော့ ဟို ရံပုံငွေ ၊ ဒီရံပုံငွေ ၊ ဟိုကြေး ၊ ဒီကြေး တွေ လျှော့ကြပါတော့။ ပညာရေးရုံးတွေကိုလည်း စရိတ်ပြည့်ပြည့်၀၀ ပေးကြပါ။ ဒါမှ ကျုပ်တို့လစာထဲက ၂% ၃% အဖြတ်မခံရမှာပါ။ ငါက ရှေ့တန်းက ကန်ရလို့ ၊ ဂိုးစောင့်ရလို့ နဲ့တော့ မခွဲခြားကြပါနဲ့ ။ Team Work အရေးကြီးပါတယ်။ ဝေဖန်ပိုင်းခြားတတ်တဲ့ ၊ ပြဿနာကို မိမိဘာသာ ဖြေရှင်းနိုင်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ၊ အများအကျိုး နိုင်ငံအကျိုး မျှော်ကိုးတတ်တဲ့ လူ့အရင်းအမြစ်တွေ တကယ်ပေါ်ပေါက်လာစေချင်ရင် လက်ရှိ စစ်ဆေးတိုင်းတာ နေတဲ့ စနစ်တွေကို အစားထိုး ပြုပြင်ပေးပါ။ Top Ten တွေ ၊ ဂုဏ်ထူးတွေ ၊ အမှတ်တွေနဲ့ ကလေးတွေရဲ့ အရည်အချင်းကို မသတ်မှတ်ကြပါနဲ့။ ပြိုင်ဆိုင်မှုကို အလွန်အမင်းအားပေးတဲ့ တန်ဖိုးထားမှုတွေကို လျှော့ကြပါ ။ ဒီလိုဆိုရင် ပညာရေးရည်မှန်းချက်ကို ဖျက်နေတဲ့ အဓမ္မ ကျူရှင်တွေ အလိုလို လျော့သွားမှာပါ။ တစ်ချိန်က မြန်မာနိုင်ငံပညာရေးဟာ အာရှမှာ ထိပ်ဆုံးကရှိခဲ့ပါတယ် ။ စာတတ်မြောက်မှုနှုန်းဟာ အချို့ ဥရောပနိုင်ငံတွေထက် မြင့်မားခဲ့ပါတယ်။ ခေတဲ့သူတွေ မဟုတ်ပါဘူး။ အနာဂတ် မြန်မာ့ပညာရေးကို ကျုပ်တို့ ကျောင်းဆရာတွေ ချွေးနဲ့ ပြန်လည် တည်ဆောက်ပါရစေ။ ဆရာထုကို ကျွဲကူးရေပါ တစ်ဆက်တည်း ပန်ကြားလိုတာကတော့ ကိုလိုနီခေတ်က အမျိုးသားကျောင်းဆရာတွေကို နမူနာယူကြပါ။ စွမ်းဆောင်ရည်မြင့်မားဖို့ ကိုယ်တိုင် ကြိုးစားကြပါ။ ကမ္ဘာ့သမိုင်းမှာ ယေးနား ကံဆိုးမိုးမှောင်ကျမှု ( Disaster of Jena ) ဆိုတာ အထင်အရှားရှိခဲ့ပါတယ်။ နပိုလီယံခေတ် ၁၈၀၆ ခုနှစ် ပရပ်ရှားတွေနဲ့ ပြင်သစ်တွေ တိုက်တဲ့အခါ ယေနားမြို့ စစ်ပွဲမှာ ပရပ်ရှားတွေ အတုံးအရုန်း ကျဆုံးကြပါတယ်။ အဲဒီ အရှုံးဟာ ပရပ်ရှားတွေရဲ့ ဇာတိမာန်ကို လှုပ်နှိုးခဲ့ပါတယ်။ ပညာရေးစနစ်ကို ပြင်လိုက်တယ်။ ဉာဏ်ပညာထက်မြက်လာတယ်။ တာဝန်သိတတ်လာတယ်။ ညီညွတ်လာတယ်။ အဲဒီအကျိုးတွေကြောင့် ၆၄ နှစ် အကြာ ( ၁၈၇၀ ) မှာ ပြင်သစ်ကို ပြန်နိုင်သွားတယ်။ အဲဒီ စစ်ပွဲကို သမိုင်းက ဘယ်လိုခေါ်လဲဆိုတော့ ပရပ်ရှားကျောင်းဆရာတွေရဲ့ အောင်ပွဲ ( Victory of Prussian School Master ) လို့ ခေါ်ပါတယ်။ ကျုပ်တို့လည်း တစ်ချိန်ချိန်မှာ မြန်မာကျောင်းဆရာများရဲ့ အောင်ပွဲ ဆိုတာကို ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင် ကျုပ်တို့ရဲ့ အားနည်းချက်တွေကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ မမြင်နိုင်တဲ့ ရှုခင်းတွေကိုလဲ ပိုမြင်လာပါတယ်။ ကျုပ်တို့ဘက်က ရှုထောင့်တွေကို ထုတ်ပြချင်လို့ ဒီစာစု ဖြစ်လာတာပါ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုတာထက် တစ်ခုခုကို ပြချင်ရင် မိမိကိုယ်ကို အရင်ပြင် ဆိုတဲ့ ရိုးစင်းတဲ့ စကားလေးကို ဗဟိုပြုပြီး ပညာရေးကို ပုဂ္ဂိုလ်တစ်ဦးရဲ့ ကိစ္စ ၊ မိဘတွေရဲ့ ကိစ္စ ၊ လူတစ်စုရဲ့ ကိစ္စ အဖြစ်နဲ့ မစဉ်းစားကြဘဲ အမျိုးသားရေးအဖြစ် စကြည့်ကြပါစို့လား။ သြော် မေ့လို့ ။ ကျုပ်က ပင်စင်စားဖြစ်လို့ မလုပ်ရတိုင်း သူများတွေကို အတင်းတိုက်တွန်းနေတာလို့လည်း မထင်နဲ့နော်။ ၂၀၁၀ ထဲက ပင်စင်ရခဲ့ပေမယ့် ကျုပ်ကိုယ်ကျုပ်တော့ ပင်စင်မပေးခဲ့ပါဘူး။ နောက်ဆုံးတာဝန်ကျခဲ့တဲ့ ကျောင်းမှာပဲ လုပ်အားပေးဆရာအဖြစ် အချိန်မှန် ကျောင်းတက်နေတုန်းပါ။ သက်သောင့်သက်သာတော့ မထင်ပါနဲ့ ။ နေတဲ့နေရာနဲ့ ၉ မိုင်ဝေးပါတယ်။ ကျောင်းဆရာဘ၀ကို မြတ်နိုးတယ် ။ ကျောင်းဆရာဖြစ်ရတာကို ဂုဏ်လည်းယူတယ်။ ထပ်ပြောလိုတာက နောက်ဘ၀ရှိရင်လည်း နောက်ထပ်ဖြစ်ချင်ပါသေးတယ်လို့ ပါဘဲ။ စိုးသိမ်း ( ကျီးတော ) မိတ်ဆွေတို့ ဖတ်ပြီးရင် ဝေဖန် အကြံပေးကြပါနော် ။ အချိန်ပေးပြီးဖတ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Jun 9, 2012

ဘာတွေကွာခြားနေတာပါလဲ

မှတ်မှတ်ရရ ၂၀၁၀ ခုနှစ် သြဂုတ်လ ( ၁၉ ) ရက်နေ့တွင် Amaki High School(JP) သို့သွားရောက်၍ အင်္ဂလိပ်ဘာသာစကားဖြင့် သင်ကြားရမည့်အဖွဲ့တွင် မိမိပါဝင်ကြောင်း Prof: Thembi(တောင်အာဖရိက) မှ ခေါ်ပြောပါသည်။ ပြင်ဆင်ချိန် နှစ်ပတ်ခန့်ရပါသည်။ သို့အတွက် ( ၁၇ ) ရက်နေ့မှာ တစ်နေကုန်ပင်ပမ်းခဲ့ရပါသည်။ ဓါတ်ခွဲခန်းအတွင်း လက်တွေ့စမ်းသပ်မှုများပြုလုပ်ခြင်း ၊ လိုအပ်သော Chemical များ ပြင်ဆင်ထုတ်ပိုးခြင်းများ ပြုလုပ်ခဲ့ရပါသည်။ ည ( ၁း ၃၀ ) နာရီတွင် အပြီးသတ်နိုင်ခဲ့ပါသည်။ ( ၂း ၀၀ ) နာရီ တိတိတွင် ကျောင်းမှ အဆောင်သို့ပြန်ခဲ့ပါသည်။ ကျောင်းဝင်းဂိတ်ရှေ့တွင် လမ်း ( ၃ ) ခွ မီးပွိုင့်တစ်ခုရှိပါသည်။ ဉာဥ့်နက်နေပြီဖြစ်၍ ကျောင်းသား(၃) ဦးနှင့် တက္ကစီတစ်စီးကို မီးပွိုင့်၌ ရပ်နေကြသည်ကို တွေ့ရပါသည်။ မိမိမှာလည်း လမ်းဖြတ်ကူးရမည် ဖြစ်သောကြောင့် ရပ်စောင့်နေပါသည်။ နက်ချိန် လူ(၄)ဦးနှင့် တစီတစ်စီးသာ ရှိသော်လည်း မည်သူမျှ ဖြတ်မကူးခဲ့ကြ။ ခဏကြာသောအခါ မှာ ၎င်းအတွက် မီးစိမ်းသွားသဖြင့် မောင်းထွက်သွားခဲ့သည်။ မိမိတို့လည်း မီးစိမ်းမှ ဖြတ်ကူးခဲ့ကြသည်။ ( ၂၄ ) နာရီဆိုင်တွင် စားစရာအချို့ဝယ်ယူကာ အဆောင်သို့ပြန်ခဲ့သည်။ ရေချိုး စားသောက်၍ စိတ်ချမ်းသာစွာ အိပ်စက် အနားယူနိုင်ခဲ့၏။ ၂၀၁၂ ခုနှစ် ဧပြီလ ( ၂၄ ) ရက် ည ( ၈း ၁၅ ) နာရီတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ Junction Square သို့ စားစရာနှင့် ဆပ်ပြာဝယ်ရန် သွားခဲ့၏။ မိမိမှာ ပညာရေးတကသိုလ်ဘက်မှ လာရသဖြင့် လမ်းဖြတ်ကူးရန် လူကူးမျဉ်းသို့ သွားခဲ့ပါသည်။ မျဉ်းကျားသို့ ရောက်ချိန် မီးနီနေသောကြောင့် ရပ်စောင့်နေခဲ့ပါသည်။ မီးစိမ်းသောအခါတွင်လည်း မည်သည့်ကားမျှ မရပ်ကြ။ နောက်နေ့ နံနက်တစ်ခေါက်သွားရောက်ခဲ့ပါသည်။ ထိုနည်းတူစွာပင်.... ကဲ ...... မှတ်ကရော ။ ။ လူချင်းတူကြပေမင့် ......

Feb 13, 2011

Malware ရှိတော့ဘူး

သူများတွေ ပြောကြလို့ ဘလော့တွေ ၀ဲကိုက်လို့ဆိုလား ။ အဲဒါနဲ့ ဒီနေ့ စစ်ကြည့်လိုက်တာ ။ ခုတော့ ရှိတော့ဝူး ။ အားလုံးအိုလကေ သွားပါပြီ ။

Feb 12, 2011

ပြည်ထောင်စုနေ့


ပင်လုံကျောက်တိုင်

ငယ်စဉ်တောင်ကျေး ကလေးဘ၀ တတိယတန်းကျောင်းသားဘ၀ မှသည် ယခုအချိန်အထိ ဖတ်မှတ်သိရှိခဲ့ရသော သမိုင်းစာမျက်နှာများမှ မြန်မာတို့ ချုပ်ဆိုခဲ့ကြသောစာချုပ်များစွာရှိခဲ့ကြသည်။ ၁၈၂၄ ခုနှစ် ဘကြီးတော်(စစ်ကိုင်းမင်း) လက်ထက် ကုန်းဘောင်ခေတ်တွင် စတင်ဖြစ်ပွားခဲ့သော ပထမ အင်္ဂလိပ်-မြန်မာစစ်ပွဲ အတွက် ၁၈၂၆ ခုနှစ် ရန္တပိုရ်စာချုပ် မှ မြန်မာနိုင်ငံသမိုင်းတွင် အထူးအရေးပါခဲ့သောစာချုပ်များစွာအနက် ပင်လုံစာချုပ်သည် မြန်မာပြည်လွတ်လပ်ရေးအတွက် အထူးအရေးပါသော စာချုပ်ဖြစ်လေသည်။

တတိယ အင်္ဂလိပ်-မြန်မာ စစ်ပွဲအပြီး မြန်မာတို့ သူ့ကျွန်ဘ၀သို့ လုံးလုံးကျရောက်ခဲ့ရသည်မှာ မြန်မာနိုင်ငံသားတိုင်း သိရှိကြပြီးဖြစ်သည်။ သူတစ်ပါးဖိနှိပ်ချုပ်ချယ်မှုကို မခံချင်သော မျိုးချစ်မြန်မာသူရဲကောင်းများစွာတို့ လွတ်လပ်ရေးအတွက် အသက်သွေးချွေးတို့ ပေးဆပ်ခဲ့ကြရသည်။ ကချင် ၊ ကယား ၊ ကရင် ၊ ချင်း ၊ မွန် ၊ ဗမာ ၊ ရခိုင် ၊ ရှမ်း စတဲ့ တိုင်းရင်းသားပေါင်းစုံတို့ မြန်မာ့လွတ်လပ်ရေးအတွက် သက်စွန့်ဆံဖျား ကြိုးပမ်းအားထုတ်ခဲ့ကြသည် ။
ဗိုလ်ချုပ်အောင်ဆန်းနှင့်မျိုးချစ်မြန်မာလူငယ်တို့ ကြိုးပမ်းအားထုတ်မှုဖြင့် ဂျပန်တို့နှင့်ပူးပေါင်းကာ အင်္ဂလိပ်တို့ကို မြန်မာမြေပေါ်မှ စွန့်ခွာစေနိုင်ခဲ့သည်။ သို့ပေတည့် ဂျပန်တို့သည်လည်း မြန်မာတို့အပေါ် မတရားနှိပ်ဆက်ညှင်းပမ်းခဲ့ကြပေသည်။ ဂျပန်တို့ကိုလည်း မြန်မာမြေပေါ်မှ စွန့်ခွါစေနိုင်ခဲ့သည့်နောက် မြန်မာပြည် လုံးဝလွတ်လပ်ရေးရရန်အတွက် ဗိုလ်ချုပ်နှင့်မြန်မာ့ခေါင်းဆောင်ကြီးတို့ အပတ်တကုတ်ကြိုးပမ်းအားထုတ်ခဲ့ကြသည်။

အင်္ဂလိပ်တို့က လွတ်လပ်ရေးပေးရာတွင် ပြည်နယ် ပြည်မ ခွဲခြားလိုသည်။ မြန်မာ့ခေါင်းဆောင်များက ပြည်နယ်ပြည်မ မခွဲခြားဘဲ တစ်စည်းတစ်လုံးတည်း လွတ်လပ်ရေးကို ရယူလိုကြသည်။ ၁၉၄၆ ခုနှစ် ဇန္န၀ါရီလ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာ့ခေါင်းဆောင်များက ရွှေတိဂုံ အလယ်ပစ္စယံလူထု အစည်းအဝေးပွဲ၌ မြန်မာ့လွတ်လပ်ရေးအတွက် တိုင်းရင်းသားအားလုံးလက်တွဲ၍ လွတ်လပ်သော ပြည်ထောင်စုနိုင်ငံထူထောင်ရန် ဆုံးဖြတ်ချက်ချမှတ် ကြိုးပမ်းခဲ့ကြသည်။


အလယ်ပစ္စယံ လူထုအစည်းအဝေး

၁၉၄၆ ခုနှစ် ဇန္န၀ါရီလအတွင်းမှာပင် ရှမ်းပြည်မြောက်ပိုင်း ၊ ပင်လုံမြို့တွင်ကျင်းပသော ရှမ်းစော်ဘွားများညီလာခံသို့ မြန်မာ့ခေါင်းဆောင်များဖြစ်သော သခင်နု ၊ ဦးဘဂျမ်း နှင့် မန်းဘခိုင်တို့ တက်ရောက်ကာ အင်္ဂလိပ်တို့ ၀ါဒဖြန့်မှုကြောင့်တွေဝေနားယောင်နေသော ရှမ်းအမျိုးသားများအားရှင်းလင်းပြောဆိုခဲ့ကြသည်။


အင်္ဂလန်သို့ သွားရောက်စဉ်က

၁၉၄၇ ခုနှစ် ဇန္န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အင်္ဂလန်သို့သွားရောက်၍ မြန်မာ့လွတ်လပ်ရေးအတွက် အရေးဆိုကြရာ အင်္ဂလိပ်တို့က တောင်တန်းဒေသများက ပြည်မနှင့်ပူးပေါင်းရန်သဘောတူပါက တပြိုင်တည်း လွတ်လပ်ရေးပေးမည်ဟုပြောဆိုကာ အောင်ဆန်း-အက်တလီ စာချုပ် ကို ချုပ်ဆိုခဲ့ကြသည်။ ၁၉၄၇ ခုနှစ် ဖေဖေါ်ဝါရီလ ၂ ရက်နေ့တွင် ဗိုလ်ချုပ်နှင့်အဖွဲ့တို့ မြန်မာပြည်သို့ပြန်လည်ရောက်ရှိကာ ဖေဖေါ်ဝါရီလ ၈ ရက်နေ့တွင် ပင်လုံညီလာခံသို့တက်ရောက်၍ ပြည်နယ်နှင့်တောင်တန်းဒေသများ ပူးပေါင်းရေးကို ဆွေးနွေးခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ညတွင် တိုင်းရင်းသားပေါင်းစုံတို့ ညီညွတ်မှုရရှိခဲ့ကြသည်။ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀ နာရီတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တောင်တန်းဒေသ ကိုယ်စားလှယ် (၂၁) ဦး တို့ ပြည်နယ်ပြည်မပူးပေါင်းရေး သဘောတူသော ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို ပြသနိုင်ခဲ့သော ထိုနေ့ ( ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ) ကို “ ပြည်ထောင်စုနေ့ ” ဟု ခေါ်ဝေါ်ခဲ့ကြသည်မှာ ယနေ့ထိတိုင်ဖြစ်လေသည်။


တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ


တိုင်းရင်းသားခေါင်းဆောင်များနှင့်အတူ


ပင်လုံစာချုပ်


ပင်လုံစာချုပ် လက်မှတ်ရေးထိုးနေစဉ်

ပြည်ထောင်စုနေ့ကို နိုင်ငံတော်ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြုကာ နှစ်စဉ်နှစ်တိုင်း အခမ်းအနားများကျင်းပခဲ့ကြသည်။ ၁၉၄၈ ခုနှစ်နှင့် ၁၉၄၉ ခုနှစ် များတွင် ပြည်ထောင်စုနေ့ အခမ်းအနားကို ပင်လုံမြို့၌ ကျင်းပခဲ့ပြီး ၁၉၅၀ ပြည့်နှစ်မှစတင်၍ ရန်ကုန်မြို့တွင် ကျင်းပခဲ့ကြသည်။ ပြည်နယ်အသီးသီးမှ ဧည့်သည်တော်ကိုယ်စားများတက်ရောက်၍ တခမ်းတနားကျင်းပကာ ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေကြသည်။ ၁၉၅၄ ခုနှစ်မှစတင်၍ ပြည်ထောင်စုအလံကို အလှည့်ကျပြည်နယ်များမှ ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန်အမီ ရန်ကုန်မြို့သို့ လက်ဆင့်ကမ်းသယ်ဆောင်ကာ နိုင်ငံတော်ဝန်ကြီးချုပ်လက်သို့ အပ်နှင်းခဲ့ကြသည်။

မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းတွင် အထူးအရေးပါသော လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို သက်သေထူ အုတ်မြစ်ချနိုင်ခဲ့သော “ ပြည်ထောင်စုနေ့ ” ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ကား မြန်မာပြည်သား တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး မမေ့မလျော့အပ်သော နေ့ထူးနေ့မြတ်ဖြစ်ပေသည်။

ကိုးကားချက်များ

၁ ။ ပီတိ ဘလော့
၂ ။ ပြည်ထောင်စုနေ့ Myanmar online
၃ ။ ဓါတ်ပုံများကို Online မှ ကူးယူထားခြင်းဖြစ်ပါသည်။

Dec 20, 2010

Assessment ရဲ့အရေးပါပုံ

ဒီကနေ့ ကျောင်းမှာ ဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းအရာလေးနဲ့ ပတ်သက်ပြီး သူငယ်ချင်းများကို သတိထား သတိချပ်နိုင်စေရန် ရည်ရွယ်၍ မျှဝေရေးသားလိုက်ပါတယ် ။

ပြောချင်တာလေးကတော့ Assessment အကြောင်းလေးပါ ။ မြန်မာလို အကဲဖြတ်ခြင်း လို့ ပြောလို့ရမယ်ထင်ပါတယ် ။
ဒီအကြောင်းအရာလေးကို ကျွန်တော်နဲ့ အခြားနိုင်ငံခြားကျောင်းသား(၂) ဦး ရယ် ပရော်ဖက်ဆာရယ် ဆွေးနွေးခဲ့ကြတာပါ။
ပထမ Assessment ရဲ့ အဓိပ္ပါယ် ၊ Assessment ရဲ့ မတူညီတဲ့ ပုံစံများကို ပရော်ဖက်ဆာက ပြောပြ ဆွေးနွေးခဲ့ပါတယ် ။
အဲဒီနောက် ကျွန်တော်တို့(၃) ယောက် လက်တွေ့သင်ကြားဖို့ ပြင်ဆင်ထားတဲ့ Heat Conductivity ဆိုတဲ့ Lesson Plan လေးကို Assess လုပ်ခဲ့ကြပါတယ် ။
ပထမဦးစွာ ဆရာ့အခန်းကဏ္ဍကို Assess လုပ်ခဲ့ကြပါတယ် ။ ပြီးမှ သင်ယူသူများအခန်းကဏ္ဍ ကို Assess လုပ်ရမှာ ဖြစ်ပါတယ် ။
ဆရာ့အခန်းကဏ္ဍကို Assess လုပ်တော့ Introduction အပိုင်းမှာတင် ကျွန်တော်တို့ ပြင်ဆင်ထားတဲ့ Lesson Plan ဟာ သုံးလို့မရဖြစ်သွားပါတယ် ။ ဒီတော့ ဒီ Lesson Plan ကို ဆက်ပြီး Assess လုပ်စရာမလိုတော့ဘူးလေ ။ ဒီနေရာမှာတင် ကျဆုံးသွားပြီကိုး ။
ဒီ Lesson Plan ကို ကျွန်တော်တို့ (၃)ယောက် ၃ ပတ်လောက် အချိန်ယူပြင်ဆင်ခဲ့ကြတာပါ ။ Experiment များကိုလည်း သေချာ လုပ်ထားခဲ့တာပါ ။ တစ်ယောက်နဲ့တစ်ယောက်အပြန်အလှန် စမ်းသပ်သင်ကြားကြည့်ခဲ့ကြပါတယ် ။ ဆွေးနွေးခဲ့ကြပါတယ်။
ဒါပေမယ့် ခုလို Assess လုပ်ကြည့်တဲ့ အခါ Introduction အပိုင်းမှာတင် မိမိတို့ပေးချင်တဲ့ Massage များ ၊ ဥပမာများဟာ သင်ယူသူများအတွက် မရှင်းလင်းတဲ့ ရှုတ်ထွေးစေနိုင်တဲ့ ဥပမာဖြစ်နေကြောင်း တွေ့ခဲ့ကြရ ပါတယ် ။
ဒါကြောင့် Lesson Plan တစ်ခုကို ပြင်ဆင်တဲ့အခါ သင်ခန်းစာနဲ့ အံဝင်ခွင်ကြဖြစ်မယ့် အချိတ်အဆက်မိနေစေမယ့် ဥပမာများ ၊ အကြောင်းအရာများကိုသာ အသုံးပြုပြီး ပြင်ဆင်သင့်ပါတယ် ။
ဥပမာအားဖြင့် Introduction အပိုင်းမှာ သင်ယူသူများသိရှိပြီးသားအကြောင်းအရာတွေကို ပြန်လှန်ဆွေးနွေးကြရင်း နောက်ထပ်ရရှိလာမယ့် ဗဟုသုတအသစ်များကို ထိမိအောင်ချိတ်ဆက်ပေးနိုင်မယ့် ဥပမာများ ၊ အကြောင်းအရာများကို အသုံးပြုသင့်ပါတယ် ။

ဒါကြောင့်မို့ ဆရာ/ဆရာမများ အနေဖြင့် မိမိတို့ရဲ့ သင်ကြားသင်ယူမှုလုပ်ငန်းအတွက် ပြင်ဆင်ထားသော Lesson Plan များကို မသင်ကြားမီ မိမိကိုယ်တိုင် Assess လုပ်ရမှာဖြစ်သလို အခြားသူများကလည်း Assess လုပ်ပေးဖို့ လိုအပ်ပါတယ် ။ ဒါမှ သင်ကြားသင်ယူမှုလုပ်ငန်းများမှာ သင်ခန်းစာရဲ့ရည်ရွယ်ချက်ကို ထိမိပေါက်မြောက်အောင် ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ် ခင်ဗျား ။

Nov 21, 2010

တန်ဆောင်တိုင်ပွဲတော်

တန်ဆောင်တိုင်ညလေးမှာ ချစ်သူငယ်ချင်း အားလုံးပျော်ရွှင်စေဖို့ မုန့်လုံးရေပေါ်လည်းလုံးရင်း ကျွန်တော်တို့ ညီအစ်ကိုမောင်နှမ တစ်တွေ ဖျော်ဖြေတင်ဆက်တဲ့ တန်ဆောင်တိုင် အမှတ်တရ စတိတ်ရှိုးလေးကိုလည်း အားပေးနားဆင် ကြပါအုန်းနော်။

ကိုဧည့်သည်ရဲ့ လတန်ဆောင်တိုင်လေးနဲ့ စတင်ဖွင့်လှစ်လိုက်ပါတယ်နော် ။



နောက်ထပ်တစ်ဖန်ဖျော်ဖြေတင်ဆက်မှာကတော့ Jumon ရဲ့ ချစ်သူ့ဆွဲအား သီချင်းလေးကို နားဆင်ခံစားပေးပါ ရွှေပွဲလာ ။



ယခုတစ်ဖန်ဆက်လက်ပီး chindwinthu ရဲ့ အလှကမ္ဘာမြေဆိုတဲ့ သီချင်းလေးကို နားဆင်ကြည့်ကြပါ ခင်ဗျာ ။



ယခုတစ်ဖန်ဆက်လက်ပီး ကျွန်တော်တို့ရဲ့ ချစ်လှစွာသော မွန်မင်းသားလေး ရဲ့ ၀ါဆိုမိုးဆိုတဲ့ သီချင်းလေးကို နားဆင်ခံစားကြည့်ပါဦး ခင်ဗျာ ။



နောက်ဆုံးအနေနဲ့ ချစ်ညီမလေး လုံးလုံးရဲ့ အပြာရောင်ချစ်ည ဆိုတဲ့သီချင်းလေး ကို ခံစားနားဆင်ကြည့်ပါဦး ခင်ဗျာ ။



အားပေးနားဆင်ခဲ့ကြတယ် ရွှေပွဲလာ ပရိတ်သတ်အပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ ။ ကောင်းသောညလေးပါခင်ဗျာ ။
မှတ်ချက် ။ ။ သူငယ်ချင်းများနဲ့ အမှတ်တရ အဖြစ် ရေးသားတင်ဆက်ပါသည် ။ သီချင်းများကို singforyou.net တွင် သီဆိုပြီး ဒေါင်းထားခြင်းဖြစ်ပါသည် ။

Oct 17, 2010

အချစ်ဆိုတာ... တွေးစရာလား.........

အရာရာကို မငြိုငြင်
သူလိုချင်တာ အကုန်တွေး
ခွင့်လွှတ်ပေးတာ အချစ်လား ....
အရာရာကို အပြစ်မြင်
သူဖြစ်ချင်တာ အကုန်တွေး
အူတိုပေးတာ အချစ်လား ....
ခွင့်လွှတ်တော့လည်း ရင်နာရ
အူတိုတော့လည်း ကြေကွဲရ
ဘယ်အရာမှ ကောင်းကျိုးမပေး
အချစ်ဆိုတာ တွေး ... တွေး ... တွေး ... ။ ။