Mar 3, 2013

ဆွေးနွေးပွဲက အတွေ့အကြုံ

ဒီကနေ့ ဆွေးနွေးပွဲရှိလို့ ပြောကြဆိုကြ ဆွေးနွေးကြရင်း ဆရာကြီးတစ်ဦးက ဆောင်းပါးတစ်စောင်ဖတ်ပြတယ်။ ဂျာနယ်က ပယ်လိုက်တာတဲ့ ။ ဒါကို ဆရာကြီးတစ်ယောက်က ဖတ်ပြတယ် ။ အသံနေအသံထားနဲ့ ။ စာဖတ်ကောင်းလို့လားမသိဘူး ။ နားထောင်နေရင်း ကြက်သီးတောင်ထမိတယ် ။ အမှန်တွေချည်းပြောနေလို့လေ။ ဒါနဲ့ သူများတွေကိုလည်း မျှဝေခံစားရအောင် ဆိုပီး တောင်းလာခဲ့တာပေါ့ ။ blog မှာ စာမရေးဖြစ်တာ ကြာပြီဆိုတော့ ရေးချင်နေတာနဲ့ သူရေးထားတဲ့အတိုင်း ရေးလိုက်ပါတယ်။ ခေါင်းစဉ်လေးက နောက်ဘ၀ရှိရင် နောက်ထပ်ဖြစ်ချင်တယ် တဲ့လေ။ နောက်ဘ၀ရှိရင် နောက်ထပ်ဖြစ်ချင်တယ် ကျွန်တော်ဟာ လုပ်သက် ( ၄၀ ) နဲ့ ပင်စင်ယူခဲ့တဲ့ ကျောင်းဆရာပါ။ လုပ်သက်တစ်လျှောက်လုံး ဘယ်သူမေးမေး ကျောင်းဆရာလို့ အားရှိပါးရှိ ပြောရတာ သိပ်သဘောကျပါတယ်။ ၀င်ငွေနဲ့တိုင်းပြီး ဆက်ဆံတတ်တဲ့ ၀န်းကျင် ၊ ရာထူးကြည့်ပြီး ဆေးဖော်ကြောဖက် မလုပ်လိုတဲ့ သူတွေကြားမှာတောင် ကျုပ်က မူလတန်းကျောင်းအုပ်ပါလို့ မြိန်မြိန်ရှက်ရှက် ပြောခဲ့ပါတယ်။ ကိုယ့်ကိုယ်ကိုယ် လေးစားတယ်။ ဘယ်တော့မှ အားမငယ်ဘူး။ စိတ်ဓါတ်မကျဘူး။ ခုတလောတော့ဗျာ ဟိုသူကပြောလိုက် ဒီသူကရေးလိုက် အများရဲ့ တံတွေးခွက်မှာ ကျုပ်တို့ကျောင်းဆရာတွေ ပက်လက်မျောခဲ့ရတာ တွေ့တော့ အတော်ကို စိတ်မကောင်းဖြစ်မိပါတယ် ။ လိပ်ဆိုရင် ခေါင်းမပြူဝံ့တာ ဒါလားတွေးမိပါတယ်။ ပင်စင်ယူခဲ့ပြီးပြီမို့ ကျုပ်နဲ့ မဆိုင်တော့ဘူးရယ်လို့ အခြားသူတွေကို လက်ညှိုးထိုး လွှဲချဖို့လဲ စိတ်မကူးပါဘူး ။ ကိုယ်လွတ်ရုန်းတဲ့အထဲမှာ မပါချင်ပါဘူး။ မြန်မာ့ပညာရေး ဒီအခြေအနေအထိ ကျဆင်းစေခဲ့တဲ့ သူတွေထဲမှာ ကျုပ်လဲ တစ်စိတ်တစ်ပိုင်းပါခဲ့တယ်လို့ ၀န်ခံပါတယ်။ ဒါပေမယ့် ကျောင်းဆရာတွေကြောင့်ချည်းပဲလားလို့ မေးပါရစေ။ ထောက်ပြနေတဲ့ ပြစ်ချက်တွေကို ပြန်ကြည့်ရင် ကျူရှင်ပြတယ် ၊ ဂိုက်လုပ်တယ် ၊ ပစ္စည်း ၊ ငွေကြေးလာဘ် ယူတယ်လို့ ၀ါးလုံးရှည်နဲ့ ရမ်းတာ အများဆုံးတွေ့ရပါတယ်။ ဒါဆိုရင် ကျောင်းဆရာ ထုရဲ့ ရာနှုန်းဘယ်လောက်ရှိသလဲ။ ထုထည်အားဖြင့် ဘယ်လောက်များလဲ ။ ဒီမယ် ကျုပ်တို့တောမှာ စာနောက်ကျလို့ ညနေစောင်းထိ အချိန်ပို သင်မိရင်တောင် နွားရေတိုက်စရာရှိလို့ ပြန်ပါရစေ လို့ ပြောတဲ့ကလေးတွေ ၊ ကျောင်းဝကနေ ခုထိမပြီးသေးဘူးလား လို့ လာအော်တဲ့ မိဘတွေကြားမှာ ကျူရှင်ဆိုတာကြီးကို လုပ်ချင်လဲ လုပ်လို့မရကြောင်း ခင်ဗျားတို့ အသိပါဗျာ။ ပါတိတ်ဝမ်းဆက် နေနေသာသာ သူတို့ကိုယ်တိုင် တစ်ထည်စိုလို့ တစ်ထည်လဲစရာမရှိ ဓားမိုးတောင်းရင်တောင် ဆန်ဖြူဖြူ တစ်ခွက် ထွက်ပုံမပေါ် ဆိုတာမျိုး ကြားဖူးမှာပါ။ ကျေးလက်တောရွာတွေရဲ့ ထရံအစုတ် ကြမ်းအပေါက်နဲ့ ကျောင်းလေးတွေထဲမှာ ထမင်းထုပ်ပါမလာတဲ့ ကလေးကို ကိုယ့်ထမင်းချိုင့်တစ်ဝက်ခွဲကျွေးပြီး တစ်နေ့ရေလုံးသောက် စာသင်နေတဲ့ ဆရာတွေ ရှိသေးတယ်ဆိုတာ လက်ဆွဲပြချင်ပါတယ်။ မိမိအသက်နဲ့ ဗိုက်ထဲက ကလေးရဲ့ အသက်ကို မငဲ့ဘဲ ရေထဲပါသွားတဲ့ ကလေးနှစ်ဦးကို ရေကူးပြီး လိုက်ဆယ်တဲ့ ဒေါ်စိန်ဌေးလို ဆရာမမျိုး ၊သင်္ဘောနစ်လို့ ဘေးလွတ်ရာကူးရင်း ကယ်မယ့်လှေတွေ့ပေမယ့် တပည့်လေးနှစ်ဦးပါမလာလို့ ရေပြင်ထဲပြန်ရှာရာက ရေနစ်သေခဲ့ရတဲ့ ဆရာမမျိုးတွေ ရှိခဲ့ဘူးပါတယ်။ ကျုပ်တို့ကိုယ်တိုင် ရေနစ်နေတဲ့သူတွေပါဗျာ ။ ၀ါးကူလို့ မထိုးကြပါနဲ့ ။ ခင်ဗျားတို့ပြောနေတာတွေကို မဟုတ်ဘူးလို့ ငြင်းနေတာ မဟုတ်ဘူးနော်။ ကျေရာကျေကြောင်း တောင်းပန်တာလဲ မဟုတ်ဘူး။ လေပြည်ထိုးတာလည်း မဟုတ်ဘူး။ ခင်ဗျားတို့ရဲ့ စေတနာကိုလည်း နားလည်ပါတယ်။ မှားနေပြီဆိုတာလဲ နှစ်အတော်ကြာကတည်းက သတိထားခဲ့မိပါတယ်။ ခင်ဗျားတို့က ပညာတတ်ကြီးတွေပါဗျာ။ ကျုပ်တို့ထက် ပိုသိပါတယ်။ အမှားကြုံခဲ့ဖူးမှားပါ။ အဲဒီတော့ ကျုပ်တို့ကို ပြုပြင်နိုင်တဲ့ လမ်းကြောင်းပေါ်တင်ပေးပါ။ ခုတော့ ကံကွက်ကြားပြီး ငမိုက်သား မုဆိုးလေး နင်ချည်းပဲ သေပေတော့လို့ ပြောတာကတော့ အများပြည်သူ ကြားလို့မှမတော်ပါ။ အပြုအမူတို့ရဲ့ နောက်ကွယ်မှာ အကြောင်းရင်းခံ ရှိပါတယ်။ ကျုပ်တို့ကို အခြေအနေတစ်ခုကတွန်းပို့ခဲ့ကြတယ်။ ခုတစ်မျိုးတော်ကြာတစ်မျိုး ပေါ်လစီ မူဝါဒတွေကြောင့် မလုပ်တတ် မကိုင်တတ်ဖြစ်ခဲ့ရတယ်။ အမိန့်တွေ အမိန့်တွေ ပေးလိုက်ကြတာ မိမိရဲ့ တာဝန်သာဖြစ်သည်ဆိုတာက တစ်မျိုး ၊ မလုပ်ချင်နေ ထွက်သွားကြ ၊ လုပ်ချင်တဲ့သူတွေ တန်းစီနေတယ်လို့ ခြိမ်းခြောက်လို ခြိမ်းခြောက် ၊ ဘုရားခန်းက အရေးကြီးတယ်ဆို ဘုရားခန်း ၊ စံကွက်ရိတ်ရမယ်ဆိုလဲ ရိတ် ၊ သောကြာနေ့ တစ်ကျောင်းလုံး အင်္ဂလိပ်လို ပြောရမယ်ဆိုလဲ ပြော ၊ ဗုံးခိုကျင်းတူးရမယ်ဆိုလဲ တူး ၊ ကင်းစောင့်ရမယ်ဆိုလဲ စောင့် ၊ ကြက်ဆူဆို ကြက်ဆူ ၊ လူထုစည်းဝေးပွဲ တက်ရမယ်ဆိုလဲ တက် ၊ လူကြီးကြိုရမယ်ဆိုလဲ ထမင်းအငတ်ခံ ကြို ။ ဒါတောင် နှစ်သိမ့်စကားပြောဖို့ မပြောနဲ့ အနန္တောအနန္ဒလေးပါးပဲ ရှိတော့တယ်လို့ အဆုံးစွန်ထိ ပစ်ချတာ ကျုပ်တို့ ကျောင်းဆရာတွေ နေရာပျောက်ခဲ့ရပါတယ်ဗျာ။ A တွေ ၊ B တွေ ၊ G တွေ ပေးတဲ့ စစ်ဆေးရေး အဖွဲ့တွေ ခေတ်စားလာတော့ ကျုပ်တို့မှာ သိက္ခာဆိုတာ မကပ်တော့ပါဘူး။ ကျောင်းရှေ့ကားရောက်တယ်ဆိုရင်ပဲ ဆရာကြီးက ထီးမိုး ၊ ဆရာ ဆရာမတွေက အိတ်ဆွဲ ၊ နောက်ကျရင် မျက်မာန်တော်အရှခံ ရတတ်ပါတယ်။ ကျောင်းသားတွေက ပြုံးစိစိ ။ အချဉ်ထုပ် စားရင်း ပြသမျှစာရင်းတွေကို ခေါင်းခါနေတဲ့ ကြီးကြပ်ကလေးရဲ့ရှေ့မှာ ယုန်သူငယ်ဆရာအိုကြီး ချွေးဒီးဒီးကျခဲ့ဖူးတာ ၊ အပြန်ကို စာအိတ်တွေထည့်ပေးနိုင်ဖို့ ရွာထဲသွား အဆွဲခိုင်းရင်း ရင်ပူခဲ့ရတာ ခုထိ အမှတ်ရတုန်းပါ။ ဈေးကွက်စီးပွားရေးလို့ အော်လာတော့ ထွေ/လုပ်ကြေးက ၅ ပုံးအောက်မှာ မရှိ။ DTEC ကြေးက ၁၂ သိန်း။ အဲဒီ ဆရာဆရာမလေးတွေကို သူတို့ဒေသနဲ့ ဝေးတဲ့နေရာဒေသမှာခန့် ၊ ပြောင်းချင်ရင် ၆ ပုံး။ ဒါတောင်ရိုးရိုးမို့ ။ ရှယ် / အိမ်နားကကျောင်းဆိုရင် ထပ်ပေး။ အဲဒီကျောင်းမှာ ခွဲဝေထက် ၂ ဆ ပိုနေလဲ ကိစ္စမရှိ ။ VIP ဆိုပြီး ပို့လိုက်တာပါပဲ။ လယ်ထဲမှာသာ မအောင်မြင်ခဲ့တာ ။ ကျုပ်တို့ ပညာရေးလောကမှာတော့ ၂ သီးစား ၃ သီးစား တွေ သိပ်အောင်မြင်ခဲ့ပါတယ်။ အဲဒီ ဆရာမလေးတွေက ကုန်ငွေကို ဘယ်လိုရှာမလဲ။ တိတ်တိတ်ပုန်း ကျူရှင် ၊ ဂိုက် ၊ ၀ိုင်း ၊ မလုပ်သင့်တာ လုပ်ကြရော။ ကျုပ် အပြစ်တွေ ပြောနေတာ မဟုတ်ပါဘူးနော် ။ ဂျာအေးကို သူ့အမေရိုက်တဲ့ သံသရာ ဒီလို ဖြစ်ခဲ့ပါတယ်လို့ ပြောတာပါ။ အပြစ်တွေ ပြောလို့ ကောင်းလာကြမယ်ဆိုရင် အောက်ခြေကကျုပ်တို့ ကျောင်းဆရာတွေ စုပြီး အသံမစဲပွဲ ကျင်းပပေးလိုက်ချင်ပါတယ်။ ကျုပ်တို့ကို ပြုပြင်ခွင့် ပေးကြပါ။ ပညာရေးဆွေးနွေးပွဲတွေမှာ ပြောရေးဆိုခွင့်ပေးကြပါ။ လက်တွေ့ကျတဲ့နည်းလမ်းတွေ ချမှတ်နိုင်ဖို့ ကျုပ်တို့ရဲ့ အသံတွေကို နားထောင်စေချင်ပါတယ် ။ လယ်ယာကစ္စကို လယ်သမားထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ အလုပ်သမားကိစ္စကို အလုပ်သမားအသိဆုံးပါ။ အလားတူ ပညာရေးကိစ္စမှာလည်း လက်တွေ့သင်ကြားပေးနေတဲ့ ဆရာတွေ ၊ သင်ကြားခံနေတဲ့ ကျောင်းသားတွေထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။ အခြေခံ အကျဆုံးဖြစ်တဲ့ မူလတန်းအဆင့် ဆွေးနွေးပွဲ သီးသန့်လုပ်ပေးကြပါ။ မူလတန်းဆရာတွေ စာတမ်းဖတ်ပါရစေ။ ထာဝရကျောင်းသားကြီးဖြစ်အောင် သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးကြပါ။ ပညာရေးကောလိပ်တွေမှာ သင်ခန်းစာတွေထက် ပညာရေးဒဿနတွေ သင်ပြနည်းတွေကို ပိုသင်ပေးကြပါ။ လက်တွေ့လေ့ကျင့်ရတဲ့ တန်းပြကိုလည်း လေ့ကျင့်ရေးကျောင်းတွေမှာ ပိုင်ပိုင်နိုင်နိုင် ကြီးကြီးကြပ်ကြပ် ဆင်းကြပါစေ။ မျက်နှာလွှဲ ခဲပစ် လုပ်မပစ်ကြပါနဲ့။ ကျောင်းဆရာဆိုတာ တိုက်မဆောက် ကားမစီးနိုင်မှန်း မလုပ်ခင်ကတည်းက သိကြပါတယ်။ ဒါပေမယ့် ဆန်အိုးထဲ ဆန်ရှိဖို့၊ ဆီအိုးထဲ ဆီရှိဖို့ တော့ ဖြည့်ပေးကြပါ။ ကျုပ်တို့ သားသမီးတွေရဲ့ ဟင်းဖိုးထဲကတော့ ဟို ရံပုံငွေ ၊ ဒီရံပုံငွေ ၊ ဟိုကြေး ၊ ဒီကြေး တွေ လျှော့ကြပါတော့။ ပညာရေးရုံးတွေကိုလည်း စရိတ်ပြည့်ပြည့်၀၀ ပေးကြပါ။ ဒါမှ ကျုပ်တို့လစာထဲက ၂% ၃% အဖြတ်မခံရမှာပါ။ ငါက ရှေ့တန်းက ကန်ရလို့ ၊ ဂိုးစောင့်ရလို့ နဲ့တော့ မခွဲခြားကြပါနဲ့ ။ Team Work အရေးကြီးပါတယ်။ ဝေဖန်ပိုင်းခြားတတ်တဲ့ ၊ ပြဿနာကို မိမိဘာသာ ဖြေရှင်းနိုင်တဲ့ တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ၊ အများအကျိုး နိုင်ငံအကျိုး မျှော်ကိုးတတ်တဲ့ လူ့အရင်းအမြစ်တွေ တကယ်ပေါ်ပေါက်လာစေချင်ရင် လက်ရှိ စစ်ဆေးတိုင်းတာ နေတဲ့ စနစ်တွေကို အစားထိုး ပြုပြင်ပေးပါ။ Top Ten တွေ ၊ ဂုဏ်ထူးတွေ ၊ အမှတ်တွေနဲ့ ကလေးတွေရဲ့ အရည်အချင်းကို မသတ်မှတ်ကြပါနဲ့။ ပြိုင်ဆိုင်မှုကို အလွန်အမင်းအားပေးတဲ့ တန်ဖိုးထားမှုတွေကို လျှော့ကြပါ ။ ဒီလိုဆိုရင် ပညာရေးရည်မှန်းချက်ကို ဖျက်နေတဲ့ အဓမ္မ ကျူရှင်တွေ အလိုလို လျော့သွားမှာပါ။ တစ်ချိန်က မြန်မာနိုင်ငံပညာရေးဟာ အာရှမှာ ထိပ်ဆုံးကရှိခဲ့ပါတယ် ။ စာတတ်မြောက်မှုနှုန်းဟာ အချို့ ဥရောပနိုင်ငံတွေထက် မြင့်မားခဲ့ပါတယ်။ ခေတဲ့သူတွေ မဟုတ်ပါဘူး။ အနာဂတ် မြန်မာ့ပညာရေးကို ကျုပ်တို့ ကျောင်းဆရာတွေ ချွေးနဲ့ ပြန်လည် တည်ဆောက်ပါရစေ။ ဆရာထုကို ကျွဲကူးရေပါ တစ်ဆက်တည်း ပန်ကြားလိုတာကတော့ ကိုလိုနီခေတ်က အမျိုးသားကျောင်းဆရာတွေကို နမူနာယူကြပါ။ စွမ်းဆောင်ရည်မြင့်မားဖို့ ကိုယ်တိုင် ကြိုးစားကြပါ။ ကမ္ဘာ့သမိုင်းမှာ ယေးနား ကံဆိုးမိုးမှောင်ကျမှု ( Disaster of Jena ) ဆိုတာ အထင်အရှားရှိခဲ့ပါတယ်။ နပိုလီယံခေတ် ၁၈၀၆ ခုနှစ် ပရပ်ရှားတွေနဲ့ ပြင်သစ်တွေ တိုက်တဲ့အခါ ယေနားမြို့ စစ်ပွဲမှာ ပရပ်ရှားတွေ အတုံးအရုန်း ကျဆုံးကြပါတယ်။ အဲဒီ အရှုံးဟာ ပရပ်ရှားတွေရဲ့ ဇာတိမာန်ကို လှုပ်နှိုးခဲ့ပါတယ်။ ပညာရေးစနစ်ကို ပြင်လိုက်တယ်။ ဉာဏ်ပညာထက်မြက်လာတယ်။ တာဝန်သိတတ်လာတယ်။ ညီညွတ်လာတယ်။ အဲဒီအကျိုးတွေကြောင့် ၆၄ နှစ် အကြာ ( ၁၈၇၀ ) မှာ ပြင်သစ်ကို ပြန်နိုင်သွားတယ်။ အဲဒီ စစ်ပွဲကို သမိုင်းက ဘယ်လိုခေါ်လဲဆိုတော့ ပရပ်ရှားကျောင်းဆရာတွေရဲ့ အောင်ပွဲ ( Victory of Prussian School Master ) လို့ ခေါ်ပါတယ်။ ကျုပ်တို့လည်း တစ်ချိန်ချိန်မှာ မြန်မာကျောင်းဆရာများရဲ့ အောင်ပွဲ ဆိုတာကို ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အချုပ်အားဖြင့်ဆိုရရင် ကျုပ်တို့ရဲ့ အားနည်းချက်တွေကို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ မမြင်နိုင်တဲ့ ရှုခင်းတွေကိုလဲ ပိုမြင်လာပါတယ်။ ကျုပ်တို့ဘက်က ရှုထောင့်တွေကို ထုတ်ပြချင်လို့ ဒီစာစု ဖြစ်လာတာပါ။ ဘယ်သူ့ကြောင့် ဘယ်ဝါ့ကြောင့် ဆိုတာထက် တစ်ခုခုကို ပြချင်ရင် မိမိကိုယ်ကို အရင်ပြင် ဆိုတဲ့ ရိုးစင်းတဲ့ စကားလေးကို ဗဟိုပြုပြီး ပညာရေးကို ပုဂ္ဂိုလ်တစ်ဦးရဲ့ ကိစ္စ ၊ မိဘတွေရဲ့ ကိစ္စ ၊ လူတစ်စုရဲ့ ကိစ္စ အဖြစ်နဲ့ မစဉ်းစားကြဘဲ အမျိုးသားရေးအဖြစ် စကြည့်ကြပါစို့လား။ သြော် မေ့လို့ ။ ကျုပ်က ပင်စင်စားဖြစ်လို့ မလုပ်ရတိုင်း သူများတွေကို အတင်းတိုက်တွန်းနေတာလို့လည်း မထင်နဲ့နော်။ ၂၀၁၀ ထဲက ပင်စင်ရခဲ့ပေမယ့် ကျုပ်ကိုယ်ကျုပ်တော့ ပင်စင်မပေးခဲ့ပါဘူး။ နောက်ဆုံးတာဝန်ကျခဲ့တဲ့ ကျောင်းမှာပဲ လုပ်အားပေးဆရာအဖြစ် အချိန်မှန် ကျောင်းတက်နေတုန်းပါ။ သက်သောင့်သက်သာတော့ မထင်ပါနဲ့ ။ နေတဲ့နေရာနဲ့ ၉ မိုင်ဝေးပါတယ်။ ကျောင်းဆရာဘ၀ကို မြတ်နိုးတယ် ။ ကျောင်းဆရာဖြစ်ရတာကို ဂုဏ်လည်းယူတယ်။ ထပ်ပြောလိုတာက နောက်ဘ၀ရှိရင်လည်း နောက်ထပ်ဖြစ်ချင်ပါသေးတယ်လို့ ပါဘဲ။ စိုးသိမ်း ( ကျီးတော ) မိတ်ဆွေတို့ ဖတ်ပြီးရင် ဝေဖန် အကြံပေးကြပါနော် ။ အချိန်ပေးပြီးဖတ်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

4 comments:

ကျော်နှင်းဆီလွင် said...

မဗစ်စ်ရယ်
မှန်နေပြန်ရောနော်
ဘာပြောရမှန်းတောင်မသိတော့ဘူး

ကျော်နှင်းဆီလွင် said...

စာထဲဈာန်ဝင်သွားလို့ ခွင့်လွှတ်ပါကိုထ..
ကှိုဧည့်သည်ရေ
:))

chindwinthu said...

မလာရတာကြာလို့

chindwinthu said...

မလာရတာကြာလို့