Jul 31, 2010

ဆရာမ သို့ အိတ်ဖွင့်ပေးစာ

သို့
ဆရာမ
အောက်မေ့သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ် ခင်ဗျ ။
ဆရာမ ခု ဘယ်ကိုရောက်နေတာလဲ ဆိုတာ မသိပေမယ့် ၁၉၈၆ ခုနှစ် က ဆရာမ ပြုစုယုယခဲ့တဲ့ တတိယတန်းကျောင်းသား တပည့်လေးတစ်ယောက်က အမြဲတမ်းအောက်မေ့သတိရနေပါတယ် ။
တောရွာဇနပုဒ်လေးမှာ အနေစုပ်စုပ်နဲ့ နေခဲ့ရတဲ့ တပည့်လေးတစ်ယောက်ကို မငြိုမငြင်ပြုစုယုယခဲ့တဲ့ ဆရာမရဲ့ ကြင်နာမှု ၊ နွေးထွေးမှုတွေက ကျွန်တော့်ကို အမြဲလွှမ်းမိုးနေပါတယ် ဆရာမရယ် ။
အဆုတ်အအေးပတ်တဲ့ရောဂါနဲ့ ကျောင်းဖွင့်တဲ့အချိန်ကစလို့ နေ့စဉ် ပင်နီစီလင်ဆေးထိုးခဲ့ရတဲ့အတွက် လမ်းကောင်းကောင်း မလျှောက်နိုင်တော့ ဆရာမ နဲ့ ဆရာမရဲ့အမျိုးသားက ဒုက္ခခံပြီးဖေးမခဲ့လို့ ကျောင်းကို ပုံမှန်တက်နိုင်ခဲ့ရပါတယ်။
ကျောင်းသွားတော့ ဆရာမတို့က စက်ဘီးနဲ့ ။ ကျွန်တော်က ခြေလျင် ။
ဒါပေမယ့် ဆရာမတို့ စက်ဘီးမစီးခဲ့ကြဘူးနော် ။
ဆရာမ အမျိုးသားက ကျွန်တော့်ကို စက်ဘီးပေါ်တင်တွန်း ။ ဆရာမက ကျွန်တော့် လွယ်အိတ်လေးကိုလွယ်လို့ ။
ခု ကျွန်တော် ပြန်တွေး ပြန်မြင်ယောင်ရင်း ပီတိမျက်ရည်တွေ ကျနေပါတယ် ဆရာမရယ် ။
မေတ္တာတရားကြီးမားခဲ့တဲ့ ဆရာမ ။
ကရုဏာတရား မြင့်မားခဲ့တဲ့ ဆရာမ ။
အနစ်နာခံခဲ့တဲ့ ဆရာမ ။

ဆရာမ အနစ်ခံ ပြုစုခဲ့တာတွေဟာ အချည်းအနှီး မဖြစ်ခဲ့ပါဘူး ဆရာမ ရယ် ။
ဆရာမ ပြုစုယုယခဲ့တဲ့ ဆရာမ တပည့်လေးက ခု ကျောင်းအုပ်ဆရာကြီး ဖြစ်နေပါပြီ ဆရာမ ။
တာဝန် စပြီး ထမ်းဆောင်ခဲ့တဲ့ အချိန်တွေက စပြီး ဘ၀ကို တပည့်များအတွက်ပေးဆပ်နေမိပါတယ် ဆရာမ ရယ် ။
စကားစပ်မိလို့ ပြောပါရစေ ဆရာမ ရယ် ။ ၁၉၉၅ ခုနှစ်မှာ ကျွန်တော် ဆယ်တန်းအောင်ပါတယ် ။
၁၉၉၈ ခုနှစ် ၊ တက္ကသိုလ်ကျောင်းသား ကျွန်တော် အလုပ်မရှိတော့ အထက်တန်းကျောင်းမှာ လုပ်အားပေးခဲ့ပါတယ် ။
အဋ္ဌမတန်း သင်္ချာသင်ရပါတယ် ။
တရားဝင်အလုပ်မဟုတ်ပေမယ့် ကျွန်တော် စေတနာတွေ အပြည့်အ၀ထားပြီး ထမ်းဆောင်ခဲ့ပါတယ် ဆရာမ ။
အဲဒီ အချိန်ကစပြီး ဆရာ ဆိုတဲ့ စကားလုံးနှစ်လုံးက ကျွန်တော့် ရင်ဘတ်ထဲကို စူးစူးနစ်နစ်ဝင်လာခဲ့တာပါ ။
ကျွန်တော်သိသလောက်တွေကို တပည့်တွေကို မျှဝေပါတယ် ။
ဆရာမ တပည့်ကလဲ ချူချာတာတော့ မပြောချင်တော့ပါဘူး ဆရာမ ရယ် ။
အဲဒီနှစ်က အူအတက်ရောင်လို့ ဆေးရုံ ၁၈ ရက်တက်ရတယ် ဆရာမ ။
ဆေးရုံတက်နေတော့ တပည့်တွေ ဆေးရုံရောက်လာကြပါတယ် ။
အဲဒီအချိန်မှာ ကျွန်တော်က သူတို့ကို စကားသိပ်မပြောနိုင်ပါဘူး ။
သူတို့က ကုတင်ခြေရင်းလေးမှာထိုင်ပြီး ကျွန်တော့်ကို ကန်တော့ကြတယ် ဆရာမ ရယ် ။
ကျွန်တော် ၀မ်းသာပီတိတွေဖြစ်နေမိတာ ဖေါ်မပြတတ်အောင်ပါပဲ ဆရာမရယ် ။
သူတို့ပြန်သွားတော့ မေမေက စာအိတ်လေးပေးခဲ့တယ် ဆိုလို့ ဖွင့်ကြည့်လိုက်တော့ အထဲမှာ ၁ ကျပ်တန်လေးတွေ အထပ်လိုက် ။
ကျွန်တော် မျက်ရည်တွေ မထိန်းနိုင်ခဲ့ဘူး ဆရာမရယ် ။
တပည့်တွေက ကျွန်တော့်အပေါ်ထားတဲ့ စေတနာ ကို ကျွန်တော် ပထမဦးဆုံးအကြိမ်ခံစားခဲ့ရတာပါ ။
ဒီလိုနဲ့ ဆရာမ တပည့် ၂၀၀၀ ခုနှစ်မှာ တရားဝင် အလုပ်ရတယ် ။ မူလတန်းပြပေါ့ ။
တာဝန်ကျတဲ့ ရွာက ကျွန်တော်တို့မြို့နယ်ရဲ့ အစွန်ဆုံးနေရာ ။ ရိုးမတောထဲမှာပါ ။
အလုပ်ခန့်စာရပြီး နောက်နေ့မှာပဲ စိတ်အားတက်ကြွစွာနဲ့ တာဝန်ကျတဲ့ ရွာကို ကျွန်တော်သွားခဲ့ပါတယ် ။
အဲဒီနေ့က နိုဝင်ဘာလ ၂၃ ရက် ။
ရွာကိုရောက်ဖို့ တော်တော်သွားရတယ် ဆရာမ ။
ကား ၂ ဆင့်စီးရပါတယ် ။
ပြီးတော့ ရိုးမတောထဲကို ၂ နာရီ လမ်းလျှောက်သွားပြီးမှ အဲဒီရွာကိုရောက်ပါတယ် ။
ရွာကို မရောက်ခင်လမ်းမှာ လူကြီးတွေရော ကလေးတွေပါကျွန်တော်တွေ့ခဲ့ပါတယ် ။
ဘာလုပ်ကြတာလည်းမေးတော့ ဆန်အပါအ၀င် အခြားစားသောက်ကုန်ပစ္စည်းတွေသယ်ရအောင် သွားမလို့လို့ပြောပါတယ် ။
မြို့မှာဆိုရင်တော့ ကူလီထမ်းဖို့ပေါ့ ။ နောက်မှ မေးကြည့်တော့ ကလေးတွေက ဆန်တစ်စိတ်ကို ၅၀ ကျပ် ရတယ်လို့ပြောပါတယ်။
ဒီလိုနဲ့ ရွာကိုရောက်တော့ ဘယ်မှာ နေရမယ်မှန်းမသိတော့ ကျောင်းကို တန်းသွားတာပေါ့ ။
ကျောင်းရောက်တော့ ကျွန်တော် အတော်စိတ်မကောင်းဖြစ်သွားမိပါတယ် ဆရာမရယ် ။
ကလေးတွေက ကျွန်တော်ငယ်ငယ်ကထက် အကြောင်းဆိုးကြပါတယ် ဆရာမ ရယ် ။
( ဆက်ရန် )

6 comments:

:P said...

ပဲခူးရိုးမလား... ဘာရိုးမလဲ

ဧည့်သည် said...

ရခိုင်ရိုးမပါခင်ဗျ .... ။

ywartharlay-ytu said...

ထူးဆွေအောင်ရဲ့ မြင့်မိုရ်တောင်ထိပ်က သဲပွင့်ကလေးများကို သတိရသွားမိတယ်
(စိုင်းစိုင်းခမ်းလှိုင်နဲ့ နေတိုး မင်္ဂလာပါဆိုပြီးရုပ်ရှင်ရိုက်ထားသေးတယ်၊ ၀တ္ထုကိုတော့ မမှီဘူးပေါ့)
ဆက်ရေးပါဦး

Anonymous said...

ဆရာဆိုတာ...တပည့် တွေအတွက်ပေးဆပ်တဲ့ သူပါဗျာ..ခုချိန်မှာကျွန်တော်တို့ ကိုယ်တိုင်က...ဆရာတွေပြန်ဖြစ်နေကြပြီဆိုတော့ ..ဆရာများရဲ့ စေတနာတွေကိုပိုပြီး..နားလည်လာမိပါပြီ။ကျွန်တော်တို့ အပေါ်မှာဆရာတွေတာဝန်ကျေခဲ့ သလို...ကျွန်တော်တို့ လည်း..တပည့်တွေအပေါ်မှာတာဝန်ကျေအောင်ကြိုးစားရင်းဆရာ့ကျေးဇူးဆပ်နိုင်တဲ့ တပည့်ကောင်းဆရာများဖြစ်အောင်..ကြိုးစားသွားကြမယ်ဗျာ၊

နေ၀သန် said...

ကြည်နူးစရာလေးပါ.. ဆရာမကိုပေးတဲ့စာလေးဖြစ်လို့ ဆရာမရဲ့ မေတ္တာတရားကို နားလည်တဲ့စာလေးလည်းဖြစ်ပါတယ်...


ခင်မင်တဲ့
နေ၀သန်

လသာည said...

ဆရာမရဲ့ ကြင်နာမှုကို သတိရနေသေးသ၍.. visitorလည်း ဆရာမလို အကြင်နာပြည့်ဝသော ဆရာကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေမယ်ဆိုတာ ယုံည်ြမိပါတယ်..

ဆက်ရေးပါဦး.. မျှော်နေပါတယ်..

ဒါနဲ့ ဟို ဆရာမလေးနဲ့ အကြောင်းကိုရော ရေးဦးလေ..း)))