Jul 11, 2010

ကျွန်တော် မှတ်မိနေသော စကားလေးများ ( ၂ )

ဖတ်ခဲ့ဘူးတဲ့ စာအုပ်တွေကို သေသေချာချာမှတ်မထားမိပေမယ့် အဲဒီစာအုပ်တွေထဲမှာ ပါတဲ့ အကြောင်းအရာလေးတွေတော့ မှတ်မိနေတတ်ပါတယ် ။
ကျွန်တော့်စိတ်က ပျော့တယ်လို့ပြောရမလားမသိပါ ။ သူတစ်ပါးက ကိုယ့်ကို တစ်ခုခု ( အပြစ် (သို့) ကိုယ်မကြိုက်တာ ) ပြောလိုက်ရင် တွေးပြီး စိတ်မကောင်းဖြစ်နေတတ်ပါတယ် ။ ဒါမှ မဟုတ်လဲ ဒေါသထွက်နေတတ်ပါတယ် ။ ဒေါသထွက်တာဟာလည်း စိတ်ပျော့လို့လို့ထင်ပါတယ် ။
တစ်နေ့ ကျွန်တော် စာအုပ်တစ်အုပ်ဖတ်မိတော့ ကျွန်တော့်စိတ်ကလေး ထားတတ်သွားပါတယ် ။(ကိုယ့်ကိုယ်ကို အမွှန်းတင်ခြင်းမဟုတ်ပါ )။ သူတစ်ပါးကို အပြစ်လဲမမြင်တော့ပါ ။ ဒေါသလည်းမထွက်တော့ပါ ။
အဲဒီ စာအုပ်ထဲမှာ ပါတဲ့ စာသားလေးက ကျွန်တော့်ကို ဆုံးမလိုက်ပါတယ် ။
“ သူမှ ကိုယ်မဟုတ်ပဲ ” ဆိုတဲ့စာသားလေးဖြစ်ပါတယ် ။
“ သူတစ်ပါးကို အပြစ်မြင်တော့မည် ၊ ဒေါသဖြစ်တော့မည် ဆိုလျှင် သူ့နေရာကို ကိုယ်က ၀င်ရောက်ခံစားကြည့်ပါ ။ ကိုယ်ချင်းစာစိတ်ထားပါ ။ ” လို့ ပြောထားပါတယ် ။
တစ်ပါးသူများသည် မိမိနှင့် အသိ ၊ ဉာဏ် ၊ တွေးခေါ်ပုံ ၊ ပတ်ဝန်းကျင် စတာတွေ ကွာခြားမှုကြောင့် သူ့ဘက်မှ သူ့အမြင်နဲ့ပြောတတ် ၊ ပြုမူတတ်ပါတယ် ။ သူ့နေရာမှာ မိမိသာဆိုလျှင် ထိုသို့ပြောမည် ၊ ပြုမူမည် မဟုတ်ပါ လို့ ကိုယ်ချင်းစာစိတ်မွေးဖို့ပြောထားပါတယ် ။ ဒါကို ဘယ်လို အကောင်းဆုံးပြေလည်အောင် ပြန်လည်ချေပ ဖြေရှင်းသင့်လဲ ဆိုတာကို သေချာတွေးတော အဖြေရှာရမှာ ဖြစ်ပါတယ် ။
လုပ်ငန်းခွင်ထဲတွင်လည်း ၊ ပတ်ဝန်းကျင်ထဲမှာ မကြာခဏ ပြဿနာများကြုံခဲ့ရပေမယ့် ထိုဆုံးမစကားလေးကြောင့် ပြေပြေလည်လည် ဖြေရှင်းအောင်မြင်ခဲ့ရပါတယ် ။
ဆရာတော်ဦးဇောတိကလား ၊ အရှင်ဆန္ဒာဓိကလားသေချာမသိတော့ပါ ။ ( စာဖတ်သူများ ခွင့်လွှတ်စေချင်ပါသည် ။ နောက်နောင် စာအုပ်များ ဖတ်လျှင် သေချာမှတ်ထားပါမည် ။ )

2 comments:

လသာည said...

အင်းလေ ကိုယ်မှ သူမဟုတ်ပဲ ဟာ..။ ပိုစ်အသစ်တင်ခြင်း အထိမ်းအမှတ် သီချင်းတွေ လှိမ့်ဆိုနေလောက်ပြီး))

နေ၀သန် said...

ကိုယ်စိတ်ချမ်းသာမယ့်စကားလုံးလေးတွေကို မှတ်သားရတယ်ဆိုတာ တကယ်ကို ကောင်းမွန်ပါတယ်ဗျာ......

ခင်မင်တဲ့
နေ၀သန်