Oct 6, 2010

မြတ်ဆရာ

ကမ္ဘာ့ ဆရာများနေ့ အမှတ်တရ ပို့စ်လေးရေးဖို့ ရည်ရွယ်ထားခဲ့ပေမယ့် မအားလပ်လို့ ၅ ရက်နေ့က မရေးနိုင်ခဲ့ပါဘူး ။
ရေးချင်နေတာလေးတွေ အများကြီးရှိနေပေမယ့် သီချင်းလေးနဲ့ပူဇော်လိုက်ပါတယ် ။
သင်ဆရာ မြင်ဆရာ ကြားဆရာများ အားလုံးကို ရည်စူးလျက် ...
အာစရိယ ဂုဏံ အဟံဝန္ဒာမိ ။



ပဲခူးတိုင်း(အနောက်ပိုင်း) ၊ ပန်းတောင်းမြို့နယ် ၊ အထက - ဂုံညှင်းတန်း ကျောင်းသားကျောင်းသူဟောင်းများ မှ ကြီးမှူးကျင်းပသော ၂၀၀၉ ခုနှစ် ဒုတိယအကြိမ် မြတ်ဆရာပူဇော်ပွဲ
( ပီတိများနဲ့မျက်ရည်ကြားက ဆင်နွဲခဲ့သောပွဲလေးမို့ အမှတ်တရအဖြစ် ဤဓါတ်ပုံလေးအားတင်လိုက်မိပါသည် )

Sep 28, 2010

အချစ်ရဲ့စေရာ

အချစ် ...
နှလုံးသားကို ဒဏ်ရာဗရပွနဲ့
အပိုင်းပိုင်းအစစ ကြေမွစေလည်း
ငါ ...
ရူးမိုက်စွာ ဖက်တွယ်ထားမှာပဲ ...။
ရင်ခွင်လွှာကို လျစ်လျူရှု
ပွန်းရှတာတွေကို မျက်ကွယ်ပြု
ချစ်သူရဲ့ ငြိုငြင်မှုအတွက်
အပြုံးတုတစ်ခုလည်း ဖန်တီးယူနိုင်ရတယ် ...။
နောက်ကွယ်မှာ ကြိတ်မှိတ်
တိတ်တဆိတ် ငိုကျွေး
ပူဆွေးတာတွေ စတေးရလည်း
ကျေနပ်ခြင်းတွေ အမြစ်တွယ်
သူ ...
ပစ်ပယ်မှာ စိုးရိမ်စွာနဲ့မို့ ..
ဘယ်တတ်နိုင်ပါ့မလဲနော်
ငါ ...
နာကျင်တာကို ခါးစည်းခံ
ရင်နာရတာ တန်ပါတယ် ...။ ။

Sep 14, 2010

စိတ်ရောင်စုံ

ငယ်စဉ်တောင်ကျေး ကလေးဘဝ
အဖြူရောင်သက်သက်နဲ့ စ ...
စိတ်ထဲက ဖြူစင်
ကြည်ကြည်လင်လင်နဲ့မို့
အပူအပင် ဆိုတာ မရှိခဲ့ဘူးပေါ့ ....။
အသက်လေးက နည်းနည်းရ
သိတတ်စ အရွယ်မှာ
ချစ် မုန်း ပြုံးတာတွေ ခွဲတတ်လာတော့
နီစွေးစွေးအရောင်တွေနဲ့ စိတ်ကိုခြယ်
အံမယ် အံမယ်
လောဘ ဒေါသ မောဟ ဆိုတဲ့
ဆေးစက်တွေက
တစ်စွန်းတစ်စ
စွန်းထင်းစပြုလာတာ ထင်ပါရဲ့ ....။
အတိတ်ကို ပြန်ကောက်
ပစ္စုပ္ပန်ကို မွှေနှောက်
အနာဂတ်ကို ရော်ရမ်း
မျှော်မှန်းပြီး အရောင်တွေခြယ်တော့
တစ်ခါတစ်ခါ ညိုမှိုင်းမှိုင်းကနေ
အနက်ရောင်တွေတောင် သန်းလာပေါ့ ...။ ။

Sep 9, 2010

Summer Vacation Trip 3

ပြတိုက်ထဲမှာ ဒုတိယ ကမ္ဘာစစ် ကတည်းက အပျက်အစီးများကို ၎င်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ထားကြပါတယ် ။ စိတ်ဝင်စားဖွယ်ရာများ ၊ စိတ်မကောင်းဖွယ်ရာအဖြစ်ဆိုးများကို လေ့လာတွေ့ရှိခဲ့ရပါတယ် ။



ပြတိုက် အဆောက်အဦ



Wall clock

နံရံကပ်နာရီ ကို ဗုံးပေါက်တဲ့ ဗဟိုချက်မှ မီတာ ၈၀၀ အကွာလောက်က Sakamoto-machi မှာရှိတဲ့ Sannno Shinto Shrine အနားမှ အိမ်တစ်အိမ်မှာ တွေ့ခဲ့တာလို့ မှတ်တမ်းများအရသိရပါတယ် ။ နာရီလက်တံများဟာ ၁၁ နာရီ ၂ မိနစ်မှာ ရပ်နေခဲ့ပါတယ် ။



Water Tank from Keiho Middle School



Spectacles Frames
ဗုံးပေါက်ကွဲရာ ဗဟိုချက်မှ ၂.၁ ကီလိုမီတာ အကွာ Ofunagura-machi အိမ်တစ်အိမ်တွင် တွေ့ရတဲ့ မျက်မှန်ဖြစ်ပါတယ် ။





Bomb Museum ပြီးတော့ မမှောင်ခင်လေး Memorial Park နဲ့ Peace Park ကို ကူးခဲ့တယ် ။ ငြိမ်းချမ်းရေးရုပ်တုကို ညရှုခင်းနဲ့ ဓါတ်ပုံရိုက်ခဲ့တယ် ။



Memorial Monument



ငြိမ်းချမ်းရေးရုပ်တု

အဲဒီနေ့ညက သူငယ်ချင်း အိမ်မှာ စတည်းချခဲ့ကြတယ် ။ မစားရတာ ကြာပြီဖြစ်တဲ့ အုန်းနို့ခေါက်ဆွဲချက်စားကြတယ် ။ မြိန်လိုက်ပါဘိ ။ နောက်နေ့ ( ၃၁.၈.၂၀၁၀ နေ့ ) မှာ သူငယ်ချင်းတို့ ဇနီးမောင်နှံက Huis Ten Bosch လို့ခေါ်တဲ့ Dutch တွေ နေခဲ့တဲ့ နေရာလေးကို လိုက်ပို့ခဲ့ကြတယ် ။ အလွန်လှပပြီး ပျော်စရာကောင်းတဲ့နေရာလေးပါ ။ ရှုခင်းတွေကလည်း လှမှလှ ။ အဆောက်အဦးတွေကလည်း စိတ်ဝင်စားဖွယ်အရမ်းကောင်းတယ် ။
ရှုခင်းလေးတွေကို ရှုစားခံစားကြည့်လိုက်ကြပါဦးနော် ။

































သားသားလေး လပြည့်မင်း (ခ) ရဲမြတ်မင်း

မအားလပ်တဲ့ ကြားက စိတ်ရှည်သည်းခံပြီး လိုက်လံပို့ဆောင်ပေးခဲ့တဲ့ နာဂါဆာကီ မှ သူငယ်ချင်း ကိုမင်း + မရတနာအောင်တို့ဇနီးမောင်နှံနဲ့ သားသားလေး လပြည့်မင်း ကို အထူးပဲကျေးဇူးတင်ပါတယ် ။ သားသားလေးလည်း အရမ်းပင်ပန်းသွားတယ် ။
ခရီးစဆုံး ကူညီပေးသော သူငယ်ချင်းများ ကိုလည်း အထူးကျေးဇူးတင်ပါတယ် ။
ခရီးစဉ်မှာ မလိုက်ပါဖြစ်ပေမယ့် နောက်ကွယ်မှ ကူညီပေးကြသော သူငယ်ချင်းများ ကိုလည်း ကျေးဇူးတင်ပါတယ် ။
ဖူကူအိုကာမြို့ ရဲ့ အလှအပ ရှုခင်းများ ၊ ဗုဒ္ဓရုပ်ပွားတော်မြတ် တို့ကို လိုက်ပါပို့ဆောင်ပေးတဲ့ သူငယ်ချင်းကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ် ။

Sep 8, 2010

Summer Vacation Trip 2

၂၈.၈.၂၀၁၀ နေ့ ဟီရိုရှီးမားကနေ Kure ခံတပ်ကို ဆက်ခဲ့ကြတယ် ။ ကမ္ဘာ့အကြီးဆုံးတိုက်သင်္ဘော Yamato Museum ကို သွားရောက် လေ့လာခဲ့ကြတယ်လေ ။







အဲဒီကနေတစ်ဆင့် Fukuoka ကို ခရီးဆက်ခဲ့ကြတယ် ။ ဖူကူအိုကာ ရောက်တော့ မှောင်နေတာကတစ်ကြောင်း ခရီးပမ်းနေကြတာကတစ်ကြောင်း ဆိုတော့ ဘယ်မှ ထွက်မလည်နိုင်တော့ဘူးလေ ။ သူငယ်ချင်းအိမ်မှာ တည်းခိုအိပ်စက်ခဲ့ပါတယ် ။ သူငယ်ချင်းချက်ကျွေးတဲ့ ကန်စွန်းရွက်နဲ့မှိုကြော်လေး လွမ်းနေတုန်းပါ ။ ကြက်သားက လည်း ကောင်းမှကောင်းပါဗျာ ။
၂၉.၈.၂၀၁၀ နေ့ မနက်မှ ဗုဒ္ဓရုပ်ပွားတော်ကို သွားပြီး ဖူးမြော်ကြည်ညိုခဲ့ကြတယ် ။



Nehanzo Reclining Buddha Image





ဒါကတော့ Fukuoka Tower လေ ။ ကမ်းခြေနားမှာ ။ အောက်ခြေကနေ ထပ်စွန်းထိ ၂၃၄ မီတာ မြင့်တယ် ။



Fukuoka Tower





ညစာကို မြန်မာအိမ်တစ်အိမ်က ထမင်းဖိတ်ကျွေးလို့ မြိန်ရှက်စွာဗိုက်တင်းအောင်ကို စားပစ်လိုက်တယ် ။ ကြက်သားနဲ့မြစ်ချဉ် ၊ ငပိရည် ၊ တို့စရာ အလွန်အရသာရှိပါပေ့ဗျာ ။

၃၀.၈.၂၀၁၀ နေ့ မနက် Nagasaki ကို ခရီးဆန့်ခဲ့ကြတယ် ။ Nagasaki မှာ လည်ပတ်ကြည့်ရှုစရာတွေက အများကြီးဗျ ။
ပထမဆုံး Atomic Bomb Museum ကို သွားရောက်လေ့လာခဲ့ကြတယ် ။



( ဆက်ရန် )

Sep 7, 2010

Summer Vacation Trip

Summer vacation မှာ ဂျပန်နိုင်ငံတစ်လွှား အနှံ့သွားချင်ပေမယ့် ဟော့ကိုင်းဒိုးတော့ မရောက်ဘူးဗျ ( ဟီးဟီး )
ရောက်သမျှနေရာလေးတွေမှာ မှတ်တမ်းတင်ခဲ့တာလေးတွေ မျှဝေလိုက်ပါတယ် ..။
၂၆ . ၈ .၂၀၁၀ နေ့ သူငယ်ချင်းအချို့ ရောက်လာလို့ အိုခယာမ ရဲ့ အထင်ကရ နေရာလေးတွေ လိုက်ပို့ဖြစ်တယ်လေ ...


Okayama University


University Library , Okayama


Momotaro Stadium




Korakuen Park

၂၇.၈.၂၀၁၀ နေ့ မှာ Miyajima Island ကို ထွက်ခဲ့ကြတယ် ။ World Heritage ထဲက တစ်ခုပေါ့ ။


Ferry Boat




Ohtorii Gate


Five-storied Pagoda

Ropeway လည်း စီးခဲ့ကြသေးတာ ။ Miyajima Mt. Misen လေ။
ရှုခင်းတွေက လှမှလှ ။ ပင်လယ်ပြင်နဲ့ ကျွန်းလေးတွေကို အပေါ်စီးကနေ မြင်နေရတာလေ ။ view တွေကို ဓါတ်ပုံ တစ်ဝကြီးကို ရိုက်ပစ်လိုက်တယ် ။ ( ကြွားတာ ကြွားတာ ဟဲဟဲ )။



အပြန်မှာ ဟီရိုရှီးမား Atomic Bomb Dome ကို ၀င်ခဲ့ကြတယ် ။ Peace Memorial Park , Museum ထဲလည်းဝင်လည်ကြသေးရဲ့ ။ ဟီရိုရှီးမား က မြန်မာအိမ်မှာ ညစာကို မြန်မာထမင်းဟင်းနဲ့ မြိန်ရှက်စွာ စားခဲ့ကြသေးတာဗျ ။ လက်ရာကကောင်းတော့ ကောင်းမှကောင်းဗျို့ ။

Atomic Bomb Dome


Peace Memorial Park
(ဆက်ရန်)

Aug 9, 2010

ဆရာမ သို့ အိတ်ဖွင့်ပေးစာ(၃)

နောက်တစ်နေ့မနက်ကျောင်းတက်တော့ သောကြာနေ့လေ ။ ဆရာမ နဲ့ ညှိနှိုင်းပြီး အတန်းတွေ ခွဲယူခဲ့ပါတယ် ။
တစ်နေကုန် မနားရပါဘူး ဆရာမ ရယ် ။ လူက နည်းပေမယ့် အတန်းက ၃ ခု ဆိုတော့ အတန်းတစ်တန်းကို သင် ။ လေ့ကျင့်ခန်းပေး ။ နောက်တစ်တန်းကို ဆက်သင်နဲ့ ။ နေ့လည်ကျောင်းဆင်း ထမင်းစားပြန်မှ ထိုင်ရပါတယ် ဆရာမရယ် ။
ညနေ ကျောင်းဆင်းတော့ ကလေးတွေ နဲ့ အတော်အသင့်ရင်းနှီးသွားပြီဆိုတော့ ကျောင်းဆင်းတာနဲ့ ရေချိုးရအောင် အားလုံးကို ခေါ်လိုက်ပါတယ် ။ တစ်ယောက်ပြီး တစ်ယောက် ချေး(ဂျီး)တွန်း ၊ ဆပ်ပြာတိုက် လုပ်ပေးရတာ ။ ၅ နာရီလောက်မှ အားလုံးပြီးပါတယ် ။ တစ်ချို့ကလေးတွေက ဆပ်ပြာတိုက်ရမှာကို ကြောက်နေကြသေးပါတယ် ။ အားလုံးပြီးတော့မှ ကျွန်တော် ရေချိုးပါတယ် ။ အဲဒီအချိန် ကျွန်တော် အရမ်းပျော်နေပါတယ် ဆရာမ ။

စနေနေ့ ကျောင်းပိတ်တော့ ကျွန်တော် အိမ်ကိုခဏပြန်ပါတယ် ။ ဘာမှ အဆင်သင့်ပါမလာဘူးလေ ။ ဒါကြောင့် လိုအပ်တာလေးတွေ ပြန်ယူဖို့ပေါ့ ။ ကျွန်တော့်တို့ဆီ ပြန်ရောက်တော့ ကျွန်တော့် အတွေ့အကြုံလေးကို သူငယ်ချင်း မိတ်ဆွေတွေကို ပြောပြပါတယ် ။
ပြောပြပြီး သူတို့ကို တတ်နိုင်သလောက် လှူကြပါဆိုတော့ စာအုပ် ၊ ခဲတံ ၊ ခဲဖျက် ၊ ပေတံ စတဲ့ စာရေးကိရိယာ အချို့ ရပါတယ် ။ အိမ်ကလည်း ကျောက်သင်ပုန်း ၊ အ၀တ်အစားအချို့ကို ပြန်ရင် ယူသွားဖို့ ပြင်ဆင်ပေးထားပါတယ် ။

အဲဒီကျောင်းမှာ နေသမျှတစ်နှစ်တာပတ်လုံး ကျွန်တော် ကလေးတွေကို ရေချိုးချိန် ၊ အိမ်အလုပ်လုပ်ဖို့အချိန် ၊ ကစားချိန် ၊ စာကြည့်ချိန် ၊ ဘယ်နေ့ဘယ်ရက် ဗွီဒီယိုကြည့်လို့ရတယ် စသဖြင့် အချိန်လေးတွေ သတ်မှတ်ပေးပြီး သူတို့လေးတွေကို လမ်းပြပေးခဲ့ပါတယ် ဆရာမ ။ အိပ်တဲ့အချိန်ပဲ သူတို့မိဘတွေနဲ့အတူနေပါတယ် ။
နောက်ပြီး အပြောအဆို အနေအထိုင် က အစ အကုန်သင်ပေးရပါတယ် ဆရာမ ။
ကျွန်တော်လည်း သူတို့အတွက် အချိန်ပြည့်ပေးထားပါတယ် ။ သူတို့အိပ်ဖို့အိမ်ပြန်မှ ကျွန်တော် စာဖတ်ဖြစ်ပါတယ် ဆရာမ ။ တစ်ချို့ကျောင်းသားလေးတွေက ကျွန်တော်နဲ့အတူအိပ်ပါတယ် ။ ညဘက်ကျတော့လည်း ကောင်းကောင်းမအိပ်ခဲ့ရပါဘူးဆရာမရယ် ။ သူတို့ကို စောင်ထခြုံပေး ၊ ခြင်ထောင်အပြင်ရောက်နေရင် ပြန်ထည့် လုပ်ပေးနေရပါတယ် ။ ဒါကိုပဲ ကျွန်တော် ကျေနပ်နေမိပါတယ် ဆရာမ ။

ကျောင်းလေးကိုလည်း တတ်နိုင်သမျှပြင်ဆင်ပါတယ် ။ အားလုံးကို စည်းရုံးနိုင်ခဲ့လို့ ပျဉ်ထောင်ပြီးကာနိုင်ခဲ့ပါတယ် ။ ကျောင်းဆိုင်းဘုတ်လေးလဲ ကောင်းမွန်အောင်လုပ်ပေးနိုင်ခဲ့ပါတယ် ။ ကျောင်းမှာ အိမ်သာလည်း ဆောက်နိုင်ခဲ့ပါတယ် ။
ရွာလူကြီးအိမ်မှာလည်း သူတို့အိမ်ရဲ့ အိမ်မှုကိစ္စတွေ ၀ိုင်းကူလုပ်ပေးရင်း မိသားစုလို နေထိုင်ခဲ့ပါတယ် ဆရာမ ။

ဒီလိုနဲ့ ၂၀၀၁ ခုနှစ် အောက်တိုဘာလမှာ ပြောင်းမိန့်ကျပါတယ် ။
အမိန့်စာရောက်နေတာ ကျွန်တော်မသိပါဘူး ။
ရွာကို စစ်ကြောင်းရောက်လာတဲ့နေ့ စစ်ကြောင်းမှူးက ဆရာ ပြောင်းရွေ့မိန့်ကျထားပြီလို့ ပြောတော့မှ သိရပါတယ် ။
အဲဒီအခါမှ ရွာလူကြီးက သူ့ဆီကို ရောက်နေတာ ၁ ပတ်လောက်ရှိပြီလို့ပြောပါတယ် ။
အဲဒီကျမှ သိတာပါ ။ ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားမိပါတယ် ဆရာမ ရယ် ။

သူဘာဖြစ်လို့ အဲဒီလိုလုပ်တာလည်းဆိုတာကို ကျွန်တော် ချက်ချင်းသဘောပေါက်လိုက်တယ်လေ ။
ကျွန်တော်ပြောင်းသွားမှာကို သူတို့စိုးရိမ်နေကြတယ် ဆရာမ ။
ကျွန်တော့်ကို သံယောဇဉ် ဖြစ်နေကြတယ်လေ ။
နောက်ပြီး နှမြောနေကြတယ် ။
ကျွန်တော်ကလည်း အဲဒီမှာ နေသမျှအချိန်လေးမှာ သူတို့ဆီက ဘာအခွင့်အရေးမှ မယူခဲ့ပါဘူး ။
ကျွန်တော့်ဘက်ကပဲ တတ်နိုင်သလောက် ဖြည့်ဆည်းပေးခဲ့ပါတာကိုး ။

၂၀၀၁ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ ၊
ဒီနေ့လေးက ကျွန်တော့်ဘ၀ အတွက် အလွန်ဝမ်းနည်းခဲ့တဲ့နေ့ ။ ပီတိတွေ ဝေဖြာခဲ့ဆုံးနေ့လေးပါ ဆရာမ ။
ကျွန်တော် ပြန်တော့မယ်ဆိုတော့ မနက် မိုးလင်းကတည်းက ရွာလူကြီး အိမ်ဝိုင်းထဲမှာ တစ်ရွာလုံးက လူကြီးလူငယ် ၊ အပျိုလူပျို ၊ ယောင်္ကျားမိန်းမ အားလုံး ရောက်နေကြလေရဲ့ ။ အိမ်ဝိုင်းတစ်ခုလုံး အပြည့်ပါပဲ ။( ခုရေးနေရင်း ကျွန်တော် မျက်ရည်ကျနေပါတယ် ဆရာမ ။ ဒါ ကျွန်တော့်ဘ၀ အတွက် ၅ ကြိမ်မြောက် မျက်ရည်ကျခြင်းပါ ။ )
ကျွန်တော်က အစည်းအဝေးရှိလို့ လာကြတယ်မှတ်လို့ ။
အဲဒီအချိန် ကျွန်တော်က ထမင်းကြမ်းစားပြီးတော့ ရွာလူကြီးနဲ့ စကားပြောရင်း ရေနွေးကြမ်းထိုင်သောက်နေပါတယ် ။
ခဏနေတော့ လူငယ်တွေရော ကလေးတွေပါ အိမ်ပေါ်တက်လာကြပါတယ် ။
အိမ်အောက်မှာတော့ လူကြီးတွေက စောင့်နေကြပါတယ် ။
လက်ထဲမှာလည်း လက်ဆောင်ပစ္စည်းလေးတွေ ကိုယ်စီ ကိုင်လာကြပါတယ် ။ အချို့ ပိုက်ဆံတွေလည်းပါပါတယ် ။ ကျွန်တော့်ရှေ့မှာ အားလုံးလာစုပုံထားကြပြီး ကျွန်တော့်ကို ကန်တော့ချင်လို့လို့ပြောပါတယ် ။
ပြောနေရင်းနဲ့ အားလုံး ငိုကြပါတယ် ဆရာမ ။
အချို့ကလေးတွေက ဆရာ ဘယ်တော့ပြန်လာမှာလဲ လို့မေးတဲ့လူကမေး ၊ ကျန်းမာရေးဂရုစိုက်ပါလို့ ပြောတဲ့လူကပြော ၊ အမျိုးမျိုးအစုံ ငိုရင်းနဲ့ ပြောနေကြပါတယ် ဆရာမ ။
မျက်ရည်ခိုင်လှပါပြီ ဆိုတဲ့ ဆရာမ တပည့် မျက်ရည်မဆည်နိုင်ခဲ့ပါဘူး ဆရာမရယ် ။
ဝမ်းနည်းတာရော ၊ ပီတိဖြစ်တာရော ရောပြီး လှိုက်လှိုက်လှဲလှဲကို ငိုမိပါတယ် ။
မျက်ရည်တွေ ကြားထဲက ကျွန်တော်ကြည့်မိတော့ လူကြီးလူငယ်အားလုံး မျက်ရည်ကိုယ်စီနဲ့ပါ ။
ကျွန်တော်လည်း မျက်ရည်တွေနဲ့ သူတို့ကို ဆုတွေပေးနေမိပါတယ် ။
ရွာလူကြီးအပါအ၀င် လူကြီးတွေကိုလည်း ကျွန်တော် ပြန် ကန်တော့ပါတယ် ။
သူတို့လည်း မျက်ရည်တွေနဲ့ ဆုတွေပေးနေပါတယ် ဆရာမ ။

ဘုန်းတော်ကြီးကျောင်းက ၈ နာရီ ထိုးတော့ ပြန်ဖို့ အချိန်ရောက်ပြီ ဆိုတာသိလိုက်တယ်လေ ။
ဒါနဲ့ အားလုံးသိမ်းဆည်းပြီး ပြန်ဆင်းလာတော့ သူတို့က မပြန်ကြသေးဘူး ဆရာမ ။
နှုတ်ဆက်ဖို့စောင့်နေကြလေရဲ့ ။
အားလုံးရဲ့ မျက်နှာမှာ မျက်ရည်တွေက ရှိနေကြတုန်းဆရာမ ။
အားလုံးက ရွာထိပ်အထိလိုက်ပို့ကြတယ် ။
ချောင်းတစ်ဖက်ကမ်းကို ကူးတဲ့အချိန်မှာ လူကြီးတွေက မျက်ရည်ကြားထဲက လက်ပြနှုတ်ဆက်နေကြတယ်လေ ။ ကလေးတွေကတော့ ကားဂိတ်အထိလိုက်ပို့ချင်ပါတယ် ဆိုလို့ တားလို့မရတာနဲ့ ခေါ်သွားရပါတယ် ။
လမ်းတစ်လျှောက်လုံး စကားတွေပြောကြ အပြန်အလှန် မှာတမ်းတွေပြောရင်း ငိုရင်း လာလိုက်ကြတာ ကားဂိတ်ကိုရောက်တော့ ၁၁ နာရီပါ ။ အားလုံးကို ကျွန်တော် အအေးဝယ်တိုက်လိုက်ပါတယ် ။
အချို့ကလေးတွေက ငိုနေကြတုန်း ။ ကျွန်တော်က လူကြီးဆိုတော့ မျက်ရည်မကျအောင် ထိန်းနိုင်ခဲ့ပါတယ် ။
ဒါပေမယ့် ကားလည်းထွက်ရော အားလုံး ၀ိုင်းငိုကျတော့ ကျွန်တော်လည်း မထိန်းထားနိုင်တော့ဘူးလေ ။
ကားပေါ်က အမျိုးသမီးအချို့ကတောင် ကျွန်တော်တို့ကို ကြည့်ပြီး မျက်ရည်ကျနေကြပါတယ် ဆရာမ ရယ် ။
( ဆက်ရန် )